ဂျပန် အပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၀ ဦး ထက်မနည်း တွေ့ရှိ

ဂျပန် အပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၁၀ ဦး ထက်မနည်း တွေ့ရှိ
The Diamond Princess cruise ship with more than 3,000 people sits anchored in quarantine off the port of Yokohama on Feb 4, 2020. (Photo: Behrouz Mehri/AFP)

ဖေဖော်ဝါရီ ၆။              ။ ဂျပန်တွင် ဇိမ်ခံအပျော်စီးသင်္ဘောတစ်စင်းေပါ်က ခရီးသည်များအနက် အနည်းဆုံး ဆယ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဂျပန် ကျန်းမာရေးဝန်ကြီးက ဖေဖော်ဝါရီ ၅ ရက်တွင် ပြောသည်။

လူပေါင်း ၃,၇၁၁ ဦး လိုက်ပါလာသော အဆိုပါ အပျော်စီးသင်္ဘော Diamond Princess ကို ဂျပန်အာဏာပိုင်တို့က သီးခြားခွဲပြီး ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယင်းသင်္ဘောပေါ်တွင် လိုက်ပါစီးနင်းထားခဲ့ဖူးသည့် ခရီးသည်တစ်ဦး ဟောင်ကောင်တွင် ဖျားနာပြီး ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိပြီးနောက် အဆိုပါ သင်္ဘောကြီးပေါ်က ခရီးသည်များကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

လူပေါင်း ၂၀၀ ကျော်ထံမှ ဓာတ်ခွဲစစ်ဆေးရန် နမူနာများကို စုဆောင်းရယူခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ခတ်ဆူနိုဘူ ကာတိုက သတင်းထောက်များကို ပြောသည်။

 “ အင်္ဂါနေ့ မနက် ၇ နာရီ ခွဲလောက်က ကျွန်တော်တို့ ဒီသင်္ဘောပေါ်က ဗိုင်းရပ်စ်တွေ့တဲ့ ခရီးသည် ဆယ်ယောက်ကို သင်္ဘောပေါ်ကနေ ဆင်းခိုင်းခဲ့ပါတယ်၊ ပြီးတော့ ကမ်းခြေစောင့်တပ်နဲ့ ညှိနှိုင်းပြီး သူတို့ကို ဆေးဝါးကုသမယ့် အဖွဲ့တွေဆီ ပို့ပေးခဲ့ပါတယ်” ဟု ၎င်းက ပြောသွားသည်။

ပြီးခဲ့သည့်လက ယင်းသင်္ဘောပေါ်တွင် လိုက်ပါခရီးသွားထားခဲ့သည့် ဟောင်ကောင် ခရီးသည်တစ်ဦးတွင် အဆိုပါ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အဆိုပါ သင်္ဘောပေါ်က ခရီးသည် များနှင့် အမှုထမ်းများကို ကျန်းမာရေးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အသက် ၈၀ အရွယ် ဟောင်ကောင် အမျိုးသားသည် ဂျပန်သို့ လေယာဉ်ဖြင့် လာခဲ့ပြီး ယင်းနောက် ဇန်နဝါရီ ၂၀ ရက်က Carnival Japan ကုမ္ပဏီက လည်ပတ်သော သင်္ဘောပေါ်မှာ လိုက်ပါစီးနင်းခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်တွင် ဟောင်ကောင်တွင် ဆင်းသက်ခဲ့သည်ဟု သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly