စပါးအသင်းမှ နည်းပြနှစ်ဦးက မြန်မာကလေးငယ်များကို ဘောလုံးကစားနည်း သင်ပေးမည်

စပါးအသင်းမှ နည်းပြနှစ်ဦးက မြန်မာကလေးငယ်များကို ဘောလုံးကစားနည်း သင်ပေးမည်
Photo - AIA Myanmar

ရန်ကုန်၊ ဖေဖော်ဝါရီ ၅။        ။ ဥရောပ ထိပ်တန်းလိဂ် ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်သည့် တော့တင်ဟမ်ဟော့စပါးအသင်းမှ နည်းပြ နှစ် ဦးသည် မြန်မာနိုင်ငံသို့ လာရောက်၍ အသက် ၇ နှစ်မှ ၁၄ နှစ်ကြားရှိ ကလေးငယ် ၂၄၀ ဦးကို အခြေခံ ဘောလုံးကစားနည်းများကို ဒုတိယအကြိမ် လာရောက်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

စပါးအသင်း၏ နည်းပြဆရာများသည် Football Clinic အစီစဉ် အနေဖြင့် ရန်ကုန်ယူနိုက်တက်အသင်း အိမ် ကွင်းတွင် ကလေးငယ် ၂၄၀ ဦးအား ဘောလုံး အခြေခံ နည်းစနည်းများကို လေ့ကျင့်သင်ကြားပေးသွားမည်ဟု AIA Myanmar ၏ တရားဝင် လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားသည်။

AIA Myanmar မှ မခိုင်ဇာစုက “နည်းပြကတော့ စပါးကနည်းပြ ၂ ယောက်ပါပဲ၊ အရင်လာတုန်းက နည်းပြတွေ မဟုတ်ပါဘူး။ ဘယ်သူတွေ လာ မယ်ဆိုတာတော့ အတိအကျ နာမည်စာရင်း မထွက်သေးပါဘူး၊ အကြမ်းဖျင်း က နည်းပြ ၂ ယောက် လာပါ မယ်။ တစ်နေ့ကုန် သင်ပေးမှပါ၊ နံနက်ပိုင်းနဲ့ နေ့လယ်ပိုင်း ခွဲပြီးသင်ပေးမှပါ” ဟု မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ကလေးငယ် ၂၄၀ ဦးကို နံနက်ခင်း တစ်ဖွဲ့နှင့် နေ့လယ်ခင်း တစ်ဖွဲ့ဆိုကာ နှစ်ဖွဲ့ခွဲ၍ ဘောလုံးကစားနည်း ကို လေ့ကျင့် သင်ကြားပေးရန် စီစဉ်ထားကြောင်း၊ ယခုလမှာ လာရောက်မည့် ခရီးစဉ်သည် ဒုတိယအကြိမ်ဖြစ် ကြောင်း၊ ၂၀၁၉ ခုနှစ်က ပထမအကြိမ်အဖြစ် သင်ကြားပေးခဲ့သေးကြောင်း ၎င်းက ပြောသည်။

AIA Myanmar သည် စပါးအသင်းကို စပွန်ဆာပေးထားသော အသက်အာမခံကုမ္ပဏီ တစ်ခုဖြစ်ပြီး မြန်မာ နိုင်ငံတွင် ၂၀၁၉ ခုနှစ်မှ စတင်ကာ ကလေးငယ်များအတွက် Football Clinic အစီစဉ် အနေဖြင့် ဘောလုံး ပညာရပ် များကို စပါးအသင်းမှ နည်းပြများကို ခေါ်ဆောင်၍ လေ့ကျင့် သင်ကြားပေးနေကြောင်း သိရသည်။

၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်ကလည်း စပါးအသင်း၏ အိမ်ကွင်းသို့ သွားရောက်ပြီး နည်းပြ မော်ရင်ဟို ၊ တိုက်စစ်မှူး ဟာရီကိန်းတို့နှင့် တွေ့ဆုံခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားသည်။

ပြီးခဲ့သည့် ရက်ပိုင်း အတွင်းကလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်  အခြေခံ ပညာကျောင်းများတွင် ဘောလုံး အားကစားနည်းများနှင့် ပတ်သက်ပြီး FIFA ၊  AFC ၊ ကျန်မားရေးနှင့် အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့သော Football For School အစီစဉ်ကို တက်ရောက်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly