ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ မဟုတ်မမှန်သတင်းလွှင့်တဲ့ အင်ဒိုနီးရှား အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရ

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ မဟုတ်မမှန်သတင်းလွှင့်တဲ့ အင်ဒိုနီးရှား အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၅ ။                   ။ အင်ဒိုနီးရှားမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အွန်လိုင်းပေါ်မှာ မဟုတ်မမှန် လုပ်ကြံသတင်းလွှင့်ခဲ့ကြတဲ့ အမျိုးသမီး နှစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

တချိန်တည်းမှာလည်း နိုင်ငံမှာ ဒီဗိုင်းရပ်စ်နဲ့ပတ်သက်လို့ လုပ်ကြံဖန်တီးထားတဲ့ ပို့စ်တွေကို နိုင်ငံတွင်းက အင်တာနက်သုံးသူ သန်းပေါင်းများစွာတို့ မြန်မြန်ဆန်ဆန် မျှဝေနေကြတယ်လို့လည်း ရဲတွေက သတိပေးသွားပါတယ်။

အဆိုပါ အမျိုးသမီးနှစ်ယောက်ကိုတော့ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ဘော်နီယိုကျွန်းရှိ Balikpapan မြို့မှာ ရဲတွေက ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။

ယင်းမြို့မှာ မြို့ခံတစ်ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ဆေးကုသမှု ခံယူနေရတယ်ဆိုပြီး ၎င်း အမျိုးသမီးနှစ်ဦးက အွန်လိုင်းပေါ်မှာ ကောလာဟလတွေ ဖြန့်ဝေခဲ့ပြီးနောက် ခုလို ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

“ မြို့ခံတစ်ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်ဆိုပြီး ဖေ့ဘွတ်ခ် အကောင့်ကနေတဆင့် သူတို့ ပို့စ်တင်ခဲ့တာပါ၊ သူတို့က အလိမ်အညာတွေ လျှောက်ဖြန့်နေခဲ့တာပါ” ဆိုပြီး ရဲတပ်ဖွဲက ပြောရေးဆိုခွင့်ရှိသူ အဒီ ယာယာ ဆာယာနာက ပြောသွားပါတယ်။

အင်ဒိုနီးရှားမှာတော့ ယခုအချိန်အထိ အတည်ပြုထုတ်ပြန်ထားတဲ့ အဆိုပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်မျိုး မရှိသေးပါဘူး။

ယမန်နှစ်ကုန်ပိုင်းလောက်က တရုတ် စျေးတစ်ခုကနေ စတင် ဖြစ်ပွားခဲ့တဲ့ အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်မှာ လူပေါင်း ၄၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်ကာ ကမ္ဘာတစ်ဝန်းကိုပါ ကူးစက်ပျံ့နှံ့ထားပြီး ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required