ကိုရိုနာသံသယနဲ့ ရောဂါခြေချုပ်မိနေတဲ့ ဆရာဝန်ကို မိခင်ဖြစ်သူက မျက်ရည်စက်လက်နဲ့ အစားအသောက်သွားပေးတဲ့ ဗီဒီယို အွန်လိုင်းပေါ် ပြန့်နေ

ကိုရိုနာသံသယနဲ့ ရောဂါခြေချုပ်မိနေတဲ့ ဆရာဝန်ကို မိခင်ဖြစ်သူက မျက်ရည်စက်လက်နဲ့ အစားအသောက်သွားပေးတဲ့ ဗီဒီယို အွန်လိုင်းပေါ် ပြန့်နေ

ဖေဖော်ဝါရီ ၅ ။           ။ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ သံသယရှိတဲ့ ဆရာဝန်တစ်ဦးကို ရောဂါခြေချုပ်နဲ့ထားတာကြောင့် မိခင်ဖြစ်သူက တံခါးအပြင်ဘက်ကနေ အစားအသောက် သွား ပေးတဲ့ ဗီဒီယိုဖိုင်ဟာ အင်တာနက်မှာ ပျံ့နှံ့သွားပြီး ကြည့်မိသူတွေကို  စိတ်မကောင်းခြင်းများစွာ ဖြစ်စေခဲ့ပါတယ်။

အဲဒီဗီဒီယိုဖိုင်ထဲမှာ ဆရာဝန်ဟာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လက္ခဏာတွေပြနေတဲ့အတွက် မိသားစုကို သူနဲ့ အနည်းဆုံး ၂ မီတာအကွာမှာနေခိုင်းထားပြီး မိခင်က သူ့သားစားဖို့ တံခါးအပြင်ဘက်နား အစားအစာသွားချပေးတာပါ။

မိခင်ဖြစ်သူဟာ သားဖြစ်သူကို အထဲသွားပြီး မနှစ်သိမ့်ပေးနိုင်သလို ကူချက်ပေးလို့လည်း မဖြစ်နိုင်တာကြောင့် “ခေါက်ဆွဲတွေ ပြုတ်စားလိုက်နော်၊ ကိုယ့်ကိုယ်ကို ဂရုစိုက်နော်သား” ဆိုပြီး ငိုယိုပြီးပြောနေတာပါ။

“အမေက တကယ်တော့ ရှေ့ဆက်တိုးပြီး ပြောချင်ခဲ့တာပါ၊ စကားနည်းနည်းပဲပြောလိုက်ရတယ်၊ အမေ အဲဒီလိုငိုတာမြင်ရတော့ ကျွန်မတို့ စိတ်မကောင်းဘူး၊ ကျွန်မလည်း ငိုမိတာပေါ့ “ ဆိုပြီး ဆရာဝန်ရဲ့ ညီမဖြစ်သူက ပြောပါတယ်။

ဒါပေမယ့် ကံကောင်းချင်တော့ ဆရာဝန်ဟာ ဗိုင်းရပ်စ်ကင်းစင်ကြောင်း အဖြေထွက်လာခဲ့ပါတယ်။

အဲဒီဗီဒီယိုဖိုင် အင်တာနက်မှာ ပျံ့နှံ့သွားပြီးတဲ့နောက် ညီမဖြစ်သူဟာ ဆေးရုံတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို လိုက်လံစုဆောင်းပေးပြီး ကူညီခဲ့ပါတယ်။

ဆရာဝန်ရဲ့ညီမဖြစ်သူက “အခုအချိန်ဟာ ဆရာဝန်တွေရော ဆေးရုံဝန်ထမ်းမိသားတွေအတွက်ပါ  အရမ်းကို ပင်ပန်းခက်ခဲတဲ့အချိန်ပါ။ ရှေ့တန်းမှာလုပ်ဆောင်နေရတဲ့ ဆေးရုံဝန်ထမ်းတွေ သူတို့ကိုယ်သူတို့ ကောင်းကောင်း ကာကွယ်နိုင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။ သူတို့အတွက် အရမ်းခက်ခဲပြီး လွယ်ကူတဲ့အလုပ်မဟုတ်ဘူးဆိုတာ ကျွန်မတို့သိပါတယ်” ဆိုပြီး ပြောပါတယ်။

တရုတ်ပြည်မှာ ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ကြောင့် ယမန်နေ့က ၆၅ ဦးထပ်မံသေဆုံးခဲ့ကာ ဖေဖော်ဝါရီ ၅ ရက်အထိ သေဆုံးသူစုစုပေါင်း ၄၉၀ ရှိပြီး ကူးစက်ခံရသူ ၂၄၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required