ပဲခူးစက်မှုဇုန်ရှိ တရုတ်နိုင်ငံသား ၃၇ ဦး ကျန်းမာရေးအခြေအနေ စောင့်ကြည့်နေ၊ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ်တော့ မသတ်မှတ်ထား

ပဲခူးစက်မှုဇုန်ရှိ တရုတ်နိုင်ငံသား ၃၇ ဦး ကျန်းမာရေးအခြေအနေ စောင့်ကြည့်နေ၊ ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ်တော့ မသတ်မှတ်ထား
Photo  Credit - Google

ရန်ကုန်၊ ဖေဖော်ဝါရီ ၄။               ။ ပဲခူးစက်မှုဇုန်တွင် တရုတ်နိုင်ငံသား ၃၇ ဦး၏ ကျန်းမာရေးအခြေအနေကို စောင့်ကြည့်နေသော်လည်း ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် မသတ်မှတ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပဲခူးတိုင်းဒေသကြီး တိုးချဲ့ကာကွယ်ဆေးထိုးနှင့် ကူးစက်ရောဂါဌာနမှ ဒေါက်တာ သင်းသင်းလှိုင်က ပြောသည်။

အဆိုပါ တရုတ်နိုင်ငံသားများမှာ တရုတ်နှစ်သစ်ကူးရုံးပိတ်ရက်ရသြဖင့် တရုတ်နိုင်ငံသို့ ပြန်သွားရာမှ ပြန်လည်ရောက်ရှိလာခဲ့ကြခြင်းဖြစ်သည်။ သူတို့ကို  အခြားစက်ရုံအလုပ်သမားများနှင့် ထိတွေ့မှုမရှိအောင် သီးခြားအ ဆောင်ဖြင့်နေစေကာ သီတင်းနှစ်ပတ် စောင်ကြည့်သွားမည်ဟု သိရသည်။ ထိုကာလအတွင်း မနက်၊ ည နှစ်ကြိမ် ကိုယ်အပူချိန် စစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်းများက သတင်းပေးပို့ရကြောင်း သိရသည်။

 “ဒီလို ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေချိန်မှာ တရုတ်နိုင်ငံသားတွေ၊ အခြားနိုင်ငံသားတွေ ဝင်လာတာ ရှိတယ်၊ ပဲခူးကျ ဘာဖြစ်သလဲဆိုတော့ တရုတ်နဲ့ ဖက်စပ်လုပ်တဲ့ လုပ်ငန်းတွေများတဲ့အတွက်ကြောင့် ဝူဟန်ကနေ ပြန်လာ သူတွေရှိလား၊ ကူးစက်မှုဖြစ်ပွားနေတဲ့ အခြားနိုင်ငံတွေကနေ  ပြန်လာသူတွေ ရှိသလားဆိုတာကို သတင်းယူထားရပါတယ်”ဟု ဒေါက်တာ သင်းသင်းလှိုင်က ပြောသည်။

ပဲခူးစက်မှုဇုန်တွင် စက်ရုံ ၅၉ ရုံ ရှိကာ တရုတ်နိုင်ငံမှ လာရောက်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ဝန်ထမ်းများ လုပ်ကိုင်သည့် စက်ရုံ  ၄၀ ကျော်ရှိသည်။

ပဲခူးစက်မှုဇုန်တွင်သာမက မြို့နယ် ၂၈ မြို့နယ်ရှိ စက်မှုဇုန်များ၊ စက်ရုံများ၊ ဟိုတယ်၊ တည်းခိုခန်းများတွင်လည်း နိုင်ငံခြားသား အဝင်အထွက်ကို စစ်ဆေးလျှက်ရှိသည်ဟု ဆိုသည်။

ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဦးထွန်းထွန်းဦး ဦးဆောင်သည့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နှိမ်နှင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး ထိုကော်မတီမှ စက်မှုဇုန်ရှိ အလုပ်သမား အဝင်အထွက် စာရင်းများကို စောင့်ကြည့်ကာ စစ်ဆေးမှုများ ပြုလုပ်ရန်ရှိသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly