ရထားစီးခရီးသည်များ သတိပြု၊ မြို့ပတ်ရထားအချိန်စာရင်း ဖေဖော်ဝါရီ ၈ ရက်နေ့ ပြောင်းမည်

ရထားစီးခရီးသည်များ သတိပြု၊ မြို့ပတ်ရထားအချိန်စာရင်း ဖေဖော်ဝါရီ ၈ ရက်နေ့ ပြောင်းမည်

ဖေဖေါ်ဝါရီ ၄ ။                  ။ မြို့ပတ်ရထားလမ်းပိုင်းပြုပြင်မှုများကြောင့် ရထားလမ်းကြောင်းတစ်ခုလုံးတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့မှစ၍ အချိန်စာရင်းအသစ်နှင့် ပြောင်းလဲပြေးဆွဲတော့မှာဖြစ်သည်။

အချိန်စာရင်းအသစ်များကို ဘူတာရုံများတွင် ဗီနိုင်းများဖြင့်ကပ်၍ ကြော်ငြာမှုနှင့် လက်ကမ်းစာစောင်များ ခရီးသည်များအတွက် ဝေငှမှုကို မနက်ဖြန် ဗုဒ္ဓဟူးနေ့မှစ၍ ပြုလုပ်မည်ဟု သိရှိရသည်။

ရထားဝင်ချိန်၊ ထွက်ချိန်များ လက်ရှိထက် စောခြင်း၊ နောက်ကျခြင်းများ ဖြစ်မည့် ယခုအချိန်စာရင်းပြောင်းလဲမှုက ၂၀၂၂ ခုနှစ်အထိပင် ကြာမြင့်နိုင်သည်ဟု မြန်မာ့မီးရထားက ခန့်မှန်းထားသည်။

၂၀၁၈ ခုနှစ် မတ်လမှစ၍ ရန်ကုန်မြို့ပတ်ရထားလမ်းပြင်ဆင်မှုကို အရှေ့ခြမ်းနှင့် အနောက်ခြမ်းခွဲပြီးများ ပြုလုပ်ခဲ့ရာ ရန်ကုန်-ကြည့်မြင်တိုင်-အင်းစိန်-ဒညင်းကုန်းလမ်းပိုင်းဖြစ်သည့် အနောက်ခြမ်းတစ်ခုလုံး ပြင်ဆင်မှု မတ်လကုန်မှာပြီးစီးမည်ဟုခန့်မှန်းထားသည်။

သို့သော် ဖေဖော်ဝါရီလ ၈ ရက်နေ့မှစ၍ အရှေ့ခြမ်းလမ်းပိုင်းထဲတွင် ကျရောက်သော ပုရွတ်ဆိတ်ကုန်း-ပုဇွန်တောင်လမ်းပိုင်းကို ပြုပြင်နေဆဲဖြစ်ရာ အပြင်လမ်းကို ပိတ်ပြီး အတွင်းလမ်းကို အစုန်-အဆန်အတွက်အသုံးပြုမှာဖြစ်သည်။

သံလမ်းများအဆင့်မြှင့်တင်ခြင်းသာမကဘဲ ပလက်ဖောင်းများအဆင့်မြှင့်တင်ခြင်း၊ အချက်ပြမီးစနစ်ပြုပြင်တည်ဆောက်ခြင်း၊ ရေမဝပ်စေရန် မြောင်းဖောက်ခြင်း၊ ဘူတာများအဆင့်မြှင့်တင်ခြင်း၊ ရထား လမ်းကူးဂုံးကျော်တံတားတည်‌ဆောက်ခြင်း၊ ကားဖြတ်ကူးလမ်းကြောင်းပြုပြင်ခြင်းနှင့် ဂိတ်များတည်ဆောက်ပြုပြင်ခြင်းတို့လည်း စီမံကိန်းတွင်ပါဝင်သည်။

သံလမ်းအဆင့်မြှင့်တင်ခြင်းကို အစိုးရဘတ်ဂျတ်ဖြင့် ကျခံပြီး အနောက်ခြမ်းကို အေဝမ်းကုမ္ပဏီကလည်းကောင်း၊ အရှေ့ခြမ်းကို ရွှေတောင်ကုမ္ပဏီကလည်းကောင်း လုပ်ကိုင်ခွင့်ရသည်။ ကျန်လုပ်ငန်းများ ကို ဂျပန်အစိုးရ၏ အဖွဲ့အစည်းတစ်ခုဖြစ်သော ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ အတိုးနှုန်းသက်သာသော ချေးငွေ၊ နည်းပညာများဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။

အချိန်စာရင်းပြောင်းလဲသော်လည်း ခရီးသည် အသွားအပြန်များသည့် ရုံးတက် ရုံးဆင်းချိန်များတွင် ရုံးချိန်ထိခိုက်မှုမရှိအောင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား သွားလာရေး တိုင်းမန်နေဂျာ ဦးဇော်လွင်က ပြောသည်။

ကြည့်မြင်တိုင်မြို့နယ်နေ ရထားစီးခရီးသည်တစ်ဦးဖြစ်သူ ကိုသီဟကတော့ “ အခုအချိန်စာရင်းကလည်း သွားရေးလာရေးအဆင်ပြေပါတယ်။ ပြောင်းလိုက်မယ့် အချိန်စာရင်းက ဘယ်လိုလဲဆိုတာ မသိသေးဘူး။ လမ်းတွေကတော့ ပွင့်သွားပြီ။ ရထားအချိန်မမှန်တာတော့ သိပ်မရှိဘူး” ဟု မဇ္စျိမ သို့ ပြောသည်။ယေဘုယအားဖြင့်ရန်ကုန်မြို့ပတ်ရထားများသည် နေ့ခင်းဘက်အချိန်များတွင် နောက်ကျမှုများရှိတတ်သည်ဟု ခရီးသည်အများစုက မှတ်ချက်ပြုသည်။

မြို့ပတ်ရထားလမ်းပိုင်းအဆင့်မြှင်တင်သည့် စီမံကိန်းတစ်ခုလုံးပြီးလျှင် ဂျပန်မှလာမည့် တွဲဆိုင်းအသစ်ဖြစ်သော RBE များဖြင့် ပြေးဆွဲလျှင် ကီလိုမီတာ ၆၀ နှုန်း မြန်လာမှာဖြစ်ပြီး မြို့တစ်ပတ်လုံးပတ် လျှင် ၁ နာရီ ၅၀ သာ ကြာမြင့်မှာဖြစ်သည်။ လက်ရှိတွင် ကီလိုမီတာ ၂၅ နှုန်းသာ မောင်းနှင်နိုင်ပြီး မြို့ပတ်ချိန်မှာ ၂ နာရီ ၅၀ ကြာမြင့်သည်။

ရန်ကုန်မြို့တွင် နေ့စဉ် မြို့ပတ်ရထားစီးနင်းသူ ငါးသောင်းကျော်ရှိပြီး စီမံကိန်းပြီးစီးပါက ခရီးသည် သုံးဆမြင့်တက်လာလိမ့်မည်ဟု မြန်မာ့မီးရထားက မျှော်မှန်းထားသည်။ရန်ကုန်ဘူတာကြီးမှ အခြေပြု ပြေးဆွဲနေသည့် မြို့ပတ်ရထားအစီး၂၀ ရှိပြီး အခေါက်ရေ ၁၈၃ ခေါက်ပြေးဆွဲပေးလျက်ရှိကြောင်း ဦးဇော်လွင် ကပြောသည်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required