ပိုမိုဆင်းရဲသည့်နိုင်ငံများ၌ ကင်ဆာဖြစ်ပွားမှုနှုန်း ၈၁ ရာခိုင်နှုန်းအထိမြင့်တက်နိုင်ကြောင်း WHO ထုတ်ပြန်

ပိုမိုဆင်းရဲသည့်နိုင်ငံများ၌ ကင်ဆာဖြစ်ပွားမှုနှုန်း ၈၁ ရာခိုင်နှုန်းအထိမြင့်တက်နိုင်ကြောင်း WHO ထုတ်ပြန်

ဖေဖော်ဝါရီ ၄ ။               ။ ဝင်ငွေအသင့်အတင့်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံတွေမှာ ရောဂါကာကွယ်စောင့်ရှောက်ရေး ကဏ္ဍတွေအဖို့ ရင်းနှီးမြှုပ်နှံမှုတွေ ကင်းမဲ့လာနိုင်တဲ့အတွက် ၂၀၄၀ ခုနှစ် အချိန်မှာ  ကင်ဆာရောဂါဖြစ်ပွားမှုဟာ ၈၁ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဖေဖော်ဝါရီ ၃ ရက်မှာပြောလိုက်ပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေဟာ ကင်ဆာကိုတိုက်ဖျက်နေရမယ့်အစား မိခင်နှင့်ကလေးကျန်းမာရေးတိုးတက်ဖို့နဲ့ ကူးစက်ရောဂါတွေကို တိုက်ဖျက်ဖို့ အကန့်အသတ်နဲ့သာရှိတဲ့ ရင်းမြစ်တွေကို မှီခိုအား ထားနေကြရပြီး ကင်ဆာကြောင့် လူသေဆုံးမှုနှုန်းဟာလည်း အမြင့်ဆုံးဖြစ်တယ်လို့ ဂျနီဗာအခြေစိုက် WHO အဖွဲ့က ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လာမယ့်ဆယ်စုနှစ်မှာ ကင်ဆာတိုက်ဖျက်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံ ရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုရင် ကင်ဆာကြောင့် သေဆုံးမယ့်အသက်ပေါင်း ခုနစ်သန်းလောက်ကို ကယ်တယ်နိုင်လိမ့်မယ်လို့ ဖေဖော်ဝါရီ ၄ ရက်မှာကျရောက်တဲ့ ကမ္ဘာ့ကင်ဆာနေ့နဲ့ အချိန်ကိုက်ထုတ်ပြန်လိုက်တဲ့ အဆိုပါအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

WHO ရဲ့ လက်ထောက်ညွှန်ကြားရေးမှုးချုပ်ဖြစ်တဲ့ Ren Minghui က “ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ချမ်းသာတဲ့နိုင်ငံတွေမှာ ကင်ဆာနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေအကြား လက်မခံနိုင်တဲ့ မညီမျှမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အားလုံးအတွက် ဒါဟာ သတိပေးချက်တစ်ခုပါ၊ လူတွေအနေနဲ့ ကနဦး စစ်ဆေးမှုတွေနဲ့ ရည်ညွှန်းစနစ်တွေကို လုပ်ကြမယ်ဆိုရင် ကင်ဆာကို စောစောစီးစီး စမ်းသပ်နိုင်ပြီး ထိထိရောက်ရောက် ကုသနိုင်ပါတယ်၊ ကင်ဆာကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘယ်သူမှ သေဆုံးမှာ မဟုတ်တော့ပါဘူး၊ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆို ငါးယောက်မှာ တစ်ယောက်က ကင်ဆာကုသမှုခံယူနေရတာပါ၊ ကမ္ဘာနဲ့ဆိုင်တဲ့ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုပါပဲ ” လို့ပြောပါတယ်။

ဝင်ငွေမြင့်မားတဲ့နိုင်ငံတွေမှာ ၂၀၀၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ကင်ဆာကြောင့်သေဆုံးသူဟာ ၂၀ ရာခိုင်နှုန်းလောက်လျော့ကျသွားပေမယ့် ပိုဆင်းရဲတဲ့နိုင်ငံတွေမှာတော့ လျော့ကျမှုနှုန်း ၅ ရာခိုင်နှုန်းသာရှိတဲ့အကြောင်း၊ အားလုံးကို ညီတူညီမျှ ကုသမှုရစေချင်ကြောင်း နိုင်ငံတကာ ကင်ဆာသုတေသနအေဂျင်စီမှ ဒါရိုက်တာဖြစ်သူ Elisabete Weiderpass က ပြောပါတယ်။

၂၀၄၀ ခုနှစ်မှာ ကင်ဆာရောဂါအမျိုးမျိုးကြောင့်သေဆုံးသူဟာ ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်လာဖွယ်ရှိပြီး ဆေးလိပ်၊ ဆေးရွက်ကြီးကြောင့် သေဆုံးသူပေါင်းဟာ ၂၅ ရာခိုင်နှုန်းထိ ရှိနိုင်တယ်လို့ WHO အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly