မထင်မှတ်ပဲ သင့်ရဲ့သွားလှလှလေးတွေကို ပျက်စီးစေမယ့် အရာ ၆ ခု

မထင်မှတ်ပဲ သင့်ရဲ့သွားလှလှလေးတွေကို ပျက်စီးစေမယ့် အရာ ၆ ခု

ရေးသားသူ Ye Zon Aung
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

လူတိုင်းနီးပါးဟာ ဖြူဖွေးလှပတဲ့ သွားလေးတွေနဲ့ ယုံကြည်ချက်ရှိရှိလှပနေတဲ့ အပြုံးမျိုးကို ပိုင်ဆိုင်ချင်ကြပါတယ်။ ဒီအပြုံးနဲ့ ဒီသွားတွေဟာ ဆက်စပ်နေတယ်ဆိုတာကိုတော့ လူတိုင်း သိကြမှာပါ။

ဒီလို သွားလှလှလေးတွေကို ပိုင်ဆိုင်ဖို့ ကြိုးစားကြရင်း တစ်ခါတစ်ရံမှာ ကိုယ်မထင်မှတ်ထားတဲ့ အစားအစာတွေနဲ့ သွားကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းတစ်ချို့က ကိုယ့်ရဲ့ မျှော်လင့်ချက်တွေကို တားဆီးနေတယ်ဆိုတာကို သိပါရဲ့လား။

တစ်ချို့သော အစားအစာတွေနဲ့ သွားတိုက်ဆေးတွေဟာ သင့်ရဲ့ သွားလေးတွေ လှလှပပဖြစ်မလာအောင်၊ ဖျက်ဆီးနိုင်စွမ်းရှိနေပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုတာ သိထားရင် သတိထားပြီး ရှောင် ကျဉ် လို့ရနိုင်မှာမို့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော်။

သံပုရာရေနွေး

ရေနွေးထဲကို သံပရာတစ်ခြမ်းလောက် ထည့်ပြီး သောက်ပေးတာက ခန္တာကိုယ်ရဲ့ Immune System ကို အလွန်အကျိုးရှိစေနိုင်သလို ခန္တာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်၊ ဝိတ်ကျတယ်လို့လည်း ယုံကြည်ကြပါတယ်။ လူသုံးများတဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သိပ္ပံနည်းကျ လေ့လာချက်တွေအရ သံပုရာသီး ဒါမှမဟုတ် သံပုယိုသီးတွေဟာ Acid ဓာတ်ကြွယ်ဝတဲ့ အစားအစာမျိုးတွေဖြစ်တာကြောင့် သွားရဲ့ ကြွေသားအလွှာကို အကြီးအကျယ် ထိခိုက်ပျက်စီးစေနိုင်တယ်လို့ သိထားရပါတယ်။ အဆိုပါ အက်ဆစ်ဓာတ်ဟာ သွားရဲ့ အပေါ်ယံ ကြွေလွှာကို တိုက်စားပစ်နိုင်သလို သွားဝါတာနဲ့ ဆွေးမြေ့တာမျိုးတွေ ဖြစ်ပွားနိုင်ချေလည်း အရမ်းမြင့်မားပါတယ်။

အုန်းဆီ

ရှေ့ဟောင်း အယုဝေဒနည်းလမ်းတွေအရ အုန်းဆီကို ပါးစပ်ထဲမှာ မိနစ် ၂၀ ဝန်းကျင်လောက် ငုံထားပေးရင် ခန္တာကိုယ်အတွင်း အဆိပ်အတောက်ကင်းစေတယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် ဒီလိုလုပ်တာဟာ သွားရဲ့ ဖြူစင်သန့်ရှင်းမှုကို တားဆီးစေနိုင်သလို သွားဖုံးယောင်တာ၊ ရေစီးကမ်းပြိုလိုက်တာစတဲ့ ရောဂါတွေလည်း ဖြစ်ပွားစေနိုင်ပါတယ်။

အခြောက်ခံထားတဲ့ သစ်သီးတွေ

သစ်သီးတွေကို အခြောက်ခံထားတဲ့ အစားအစာတွေဟာ နေရာမရွေး ဒေသမရွေး လွယ်လွယ်ကူကူဝယ်ယူစားသောက်လို့ရတဲ့ အစားအစာတွေဖြစ်ပါတယ်။ စပျစ်သီးခြောက်၊ မရမ်းသီးခြောက်၊ ဆီးသီးခြောက်၊ လိမ္မော်ခွံခြောက်၊ စွံပလွံသီးခြောက်စသဖြင့်ပေါ့။ ဒီအခြောက်ခံထားတဲ့ အသီးအနှံတွေကို အဆာပြေအစာအဖြစ် စားတတ်ကြပါတယ်။ ကလေးတွေနဲ့ အချိုကြိုက်သူတွေ အလွန်နှစ်သက်တဲ့ အစားအစာမျိုးတွေဖြစ်ပါတယ်။ ဒါပေမယ့် သတိထားရမှာက အဲဒီ အခြောက်ခံထားတဲ့ အသီးအနှံတွေဟာ သကြားဓာတ်ပမာဏ လွန်ကဲစွာပါဝင်နေတတ်ပြီး သွားဖုံးကို အန္တရာယ်အလွန်ပေးနိုင်တယ်ဆိုတာပါပဲ။ ဒီအစားအစာမျိုးဟာ သွားမှာ ပက်ကြားအက်တာနဲ့ သွားကျဲတာမျိုးတွေလည်းဖြစ်စေနိုင်ပါတယ်။

Apple Cider Vinegar

Apple Cider တွေဟာ လူကြိုက်များတဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပြီးတော့ စူပါမားကက်တွေနဲ့ ကုန်စုံဆိုင်တွေမှာ လွယ်လွယ်ကူကူဝယ်ယူလို့ရနိုင်ပါတယ်။ ချိုချဉ်ချဉ်အရသာလေးနဲ့မို့ သောက်ဖူးသူတိုင်းနီးပါး နှစ်သက်ကြတဲ့ သစ်သီးဖျော်ရည်တစ်မျိုးပါ။ Apple Cider တွေဟာ သံပုရာရည်လိုပဲ Acetic Acid ဓာတ်ကြွယ်ဝတဲ့ အစားအစာမျိုးတွေဖြစ်တာကြောင့် သွားရဲ့ ကြွေသားအလွှာကို ထိခိုက်ပျက်စီးစေနိုင်ပြီး သွားဝါတာနဲ့ ဆွေးမြေ့တာမျိုးတွေ ဖြစ်ပွားစေနိုင်ပါတယ်။

Charcoal ပါဝင်တဲ့ သွားတိုက်ဆေး

အံ့သြစရာကြီးပါ။ Charcoal (ကျောက်မီးသွေး) ပါဝင်တဲ့ သွားတိုက်ဆေးတွေဟာ လူသုံးများတဲ့ သွားတိုက်ဆေးအမျိုးအစားတွေထဲမှာ ပါဝင်နေတဲ့အရာတွေဖြစ်ပါတယ်။ အထူးသဖြင့် အပြုံးလှစေတယ်၊ သွားပိုဖြူစေတယ်ဆိုပြီး လူငယ်တွေ သဘောကျတတ်ကြတဲ့ အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ မီးသွေးနဲ့သွားတိုက်ရင် သွားပိုဖြူတယ်ဆိုတဲ့ မြန်မာ့ကျေးလက်ဒေသတွေက အယူအဆတစ်ခုနဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် တကယ်တမ်းအားဖြင့် Charcoal ဟာ သွားကိုဖြူစင်စေတယ်ဆိုတဲ့ သိပ္ပံဆိုင်ရာ သက်သေပြချက် ရေရေရာရာမရှိလှပါဘူး။ သွားကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ Charcoal နဲ့ သွားတိုက်တာဟာ သွားကို ကော်ပတ်နဲ့စားသလိုသာ ဖြစ်စေပြီး သွားရဲ့ ကြွေလွှာကို ထိခိုက်စေလိမ့်မယ်လို့ သတိပေးထားကြပါတယ်။

Fluoride မပါတဲ့ သွားတိုက်ဆေးများ

Fluoride (ဖလူရိုက်) ဓာတ်ဟာ ကင်ဆာ၊ ဆီးချိုနဲ့ စိတ်ရောဂါတွေဖြစ်နိုင်တယ်လို့ တစ်ချို့လူတွေက သံသယရှိကြပါတယ်။ ဒါကြောင့် Fluoride-free သွားတိုက်ဆေးတွေကိုသာ ရွေးချယ်သုံးစွဲတာမျိုးတွေ ပြန်ခေတ်စားလာတာနေပါတယ်။ ဒါပေမယ့် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟိုဌာန (Centers for Disease Control and Prevention) ကတော့ Fluoride ပါဝင်တဲ့ သွားတိုက်ဆေးတွေကိုသာ ရွေးချယ်သုံးစွဲဖို့ တိုက်တွန်းထားပါတယ်။ အကြောင်းကတော့ Fluoride ပါတဲ့ သွားတိုက်ဆေးတွေဟာ သွား ကြံ့ခိုင်အောင် ပံ့ပိုးပေးပြီး အက်ဆစ်ဓာတ်ပါဝင်တဲ့ အစားအစာတွေကြောင့် ပျက်ဆီးယိုယွင်းမှုတွေကိုလည်း တားဆီးပေးနိုင်တာကြောင့်ဖြစ်ပါတယ်။ Fluoride မပါဝင်တဲ့ သွားတိုက်ဆေးတွေကတော့ ဒီလို အကျိုးကျေးဇူးတွေ ပါရှိမှာမဟုတ်ဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly