ပင်လယ်အတွင်း ကယ်ဆယ်ခဲ့တဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ၃၀၀ ကျော်ကို အီတလီ လက်ခံ

ပင်လယ်အတွင်း ကယ်ဆယ်ခဲ့တဲ့ ရွှေ့ပြောင်းဝင်ရောက်သူ ၃၀၀ ကျော်ကို အီတလီ လက်ခံ

ဖေဖော်ဝါရီ ၃ ။                 ။ ရွှေ့ပြောင်းဝင်ရောက်သူ ၃၆၃ ဦး လိုက်ပါတဲ့ စက်လှေတစ်စီးဟာ မြေထဲပင်လယ်ထဲ ငါးရက်တာ ရှိနေခဲ့အပြီး ကယ်ဆယ်ခံရကာ အီတလီဆိပ်ကမ်းတစ်ခုဆီ ဖေဖော်ဝါရီ ၂ ရက် နေ့မှာ ဆိုက်ရောက်လာခဲ့ပါတယ်။

အီတလီ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၁ ရက် ညပိုင်းမှာ ဝင်ရောက်ခွင့် ပြုလိုက်တာကြောင့် စပိန်အင်န်ဂျီအိုအဖွဲ့ဖြစ်တဲ့ Open Arms က ဦးစီး ခေါ်ယူခဲ့တဲ့ အဲဒီ စက်လှေဟာ ပိုဇာလိုဆိပ်ကမ်းဆီ ရောက်ရှိလာခဲ့တာပါ။

အဲဒီ ရွှေ့ပြောင်းလူတွေရဲ့ စက်လှေဟာ ဥရောပနိုင်ငံတစ်နိုင်ငံက ဆိပ်ကမ်းကပ်ခွင့် ပေးမလားဆိုပြီး ကျောက်ချစောင့်ဆိုင်းနေခဲ့ရတာ ဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားရေး အင်န်ဂျီအိုအဖွဲ့ဖြစ်တဲ့ Open Arms အဖွဲ့က အကြိမ်ကြိမ် မေတ္တာရပ်ခံပေမယ့် ဒီ စက်လှေဟာ ပင်လယ်ထဲ ငါးရက်တာ စောင့်ဆိုင်းအချိန်ကုန်ခဲ့ရတာ ဖြစ်ပါတယ်။

အီတလီနိုင်ငံအနေနဲ့လည်း ကိုရိုနာဗိုင်းရပ် ပျံ့နှံ့မှုကြောင့် အရေးပေါ်အခြေအနေ ကြေညာထားတာကြောင့် ခရီးသွားတွေကို တင်းကြည့်တဲ့ ကျန်းမာရေးထိန်းချုပ်မှုတွေ လုပ်ဆောင်လျက် ရှိနေတာပါ။

အခု ရွှေ့ပြောင်းဝင်ရောက်သူ ၃၆၃ ဦးမှာ ကလေးငယ် ၉၈ ဦးပါ ပါဝင်ပြီး တောင်ဆူဒန်၊ ဂမ်ဘီယာ၊ အီဂျစ်၊ ချဒ်၊ ဘာကီနာဖာဆို၊ ဂီနီနဲ့ ဗဟိုအာဖရိကနိုင်ငံတွေက လာရောက်သူတွေ ဖြစ်ကြပါတယ်။

သူတို့တွေဟာ ဥရောပကမ်းခြေတွေဆီ ရောက်ဖို့ ကြိုးစားလာတာဖြစ်ပြီး သူတို့ကို ကယ်ဆယ်ရေး ငါးခါပြုလုပ်ကာ အန္တရာယ်ကြားက ကယ်ဆယ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly