ရွေးကောက်ပွဲ မဲမသမာမှုတွေ ဖေါ်ထုတ်ဖို့ မီဒီယာတွေမှာလည်း တာဝန်ရှိ

ရွေးကောက်ပွဲ မဲမသမာမှုတွေ ဖေါ်ထုတ်ဖို့ မီဒီယာတွေမှာလည်း တာဝန်ရှိ

လာမယ့်ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ မဲလိမ် မဲခိုးတာမျိုးတွေ မလုပ်နိုင်အောင် ကိုယ်တတ်နိုင်တဲ့ ကိုယ်လုပ်ဆောင်နိုင်တဲ့နေရာ ကနေ စောင့်ကြည့် ဖေါ်ထုတ်ပေးကြဖို့ ဆိုတာ လူတိုင်းမှာ တာဝန်ရှိပါတယ်။ အဓိကတာဝန်ရှိတာကတော့ လူထုရဲ့မျက်လုံးမျက်ဆံဖြစ်တဲ့ မီဒီယာသမားတွေပဲ မဟုတ်ပါလား။

ဒါပေမယ့် မီဒီယာတွေအနေနဲ့ ညောင်သီးလည်းစား လေးသံလည်း နားထောင်ဖို့လိုပါတယ်။ လာမယ့်ရွေးကောက်ပွဲအခင်းအကျင်း၊ မီဒီယာသမားတွေရဲ့အခြေအနေ၊ ဆောင်ရန်ရှောင်ရန်များနဲ့ ပတ်သက်ပြီး စဉ်းစားတဲ့အခါ The Voice journal  ရဲ့အယ်ဒီတာချုပ် ကိုကျော်မင်းဆွေရဲ့ ပြောစကားက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူက  ၂၀၁၅ ရွေးကောက်ပွဲမှာ မီဒီယာတွေရဲ့ လွတ်လပ်ခွင့် ရှိမှရှိပါ့မလားလို့ သံသယရှိတဲ့အကြောင်း ပြောပါတယ်။

“အခုကတော့ ၂၀၁၀တုန်းက အနေအထားနဲ့ ၂၀၁၅နဲ့ကတော့ မတူဘူး ပေါ့ နော်။ အဲဒီအထဲမှာမှ ထူးထူးခြားခြား ၂၀၁၂ ကတော့ တော်တော်လေး မီဒီယာလွှတ်လပ်ခွင့် ရတာတွေ့ရတယ် ပေါ့။ ဒါပေမယ့် ဒီ၂၀၁၅ကျတော့ လက်ရှိ အခင်းအကျင်းတွေအရ လွတ်လပ်ခွင့် ရှိပါ့မလားတို့ သံသယတွေပေါ့နော်၊ မဲစာရင်းအမှားတို့ ၊နောက်တစ်ခါ အာဏာရပါတီရဲ့ ရွေးကောက်ပွဲ ဥပဒေနဲ့ လက်တစ်လုံးခြားဖောက်ဖျက်မှု ကိစ္စတွေကများလာတဲ့အခါကျတော့ စိုးရိမ်သောကတွေ ရှိလာတယ်။

နောက်တစ်ခါ သတင်းမီဒီယာတွေကို ပြန်ကြားရေးဝန်ကြီးဌာနက ကွပ်ကဲနေတဲ့ သတင်းမီဒီယာတွေ က နေတစ်ဆင့် သတင်းမီဒီယာတွေရဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေကို ထောက်ပြလာတာတွေလုပ်လာ တာက တိုက်တိုက်ဆိုင်ဆိုင်လို့ ပြောရမှာပေါ့နော်။ သတင်းမီဒီယာသမားတွေကို စာနယ်ဇင်းကောင်စီ (ယာယီ)ကနေ ထုတ်ပြန်ပေးထားတဲ့ ရွေးကောက်ပွဲ လမ်းညွှန်ပေါ့နော်။ နိုင်ငံတကာမှာလည်း ရွေးကောက်ပွဲတွေ ဖြတ်ခဲ့တဲ့ ဒီမိုကရေစီနိုင်ငံတွေရဲ့ သတင်းမီဒီယာတွေ ရှောင်ရန်ဆောင်ရန်တွေကို ကျွန်တော်တို့ စုစည်းပြီးတော့ ထည့်ထားတယ်”

မှန်ပါတယ်။ သတင်းသမားတွေဟာ ရွေးကောက်ပွဲ နည်းဥပဒေတွေကို သိထားရပါမယ်။ ဒါမှသာ ဘယ်သူဟာ ရွေးကောက်ပွဲ နည်းဥပဒေနဲ့အညီ ပြောဆိုဆောင်ရွက်ခြင်း ရှိ မရှိဆိုတာ ပိုင်းခြားလို့ သိမှာပါ။ ဒါပေမယ့်လည်း စာနယ်ဇင်းသမားတွေဟာ သာမာန်ပြည်သူတွေ နိုင်ငံသား အခွင့်အရေးထက် ပိုပြီး အခွင့်အရေး ရစရာမရှိဘူး ဆိုတာကိုလည်း သိထားရပါမယ်။

ဒါကြောင့်မို့ ရွေးကောက်ပွဲကာလ သတင်းသမားတွေ ကြုံတွေ့ရနိုင်တဲ့အခက်အခဲတွေ ဘယ်လိုကြုံကောင်း ကြုံနိုင်တယ်ဆိုတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးမြင့်ကျော်က သူ့အမြင်ကိုပြောရာမှာ

“ မြို့ကြီးတွေမှာတော့ ဒီလောက်ကြီး ကြီးကြီးမားမား အခက်အခဲမရှိဘူး။ အခုကလည်း ရွေးကောက်ပွဲ ပရဝုဏ်အထိ သက်သေခံ ကဒ်ပြား လုပ်ထားတယ် ဆိုရင်တော့ မဲရုံပရဝုဏ်အထိဝင်ခွင့်ရှိ တယ် ရွေးကောက်ပွဲ နေ့မှာတော့ အဲဒီဟာတွေ မရှိဘူး။ သို့သော် နယ်တွေမှာတော့ တစ်စုံတစ်ရာ၊ အထူး သဖြင့် မြို့ကြီးနဲ့ဝေးလေ နယ်တွေက အောက်ခြေ အုပ်ချုပ်ရေး အာဏာပိုင်တို့ လုံခြုံရေးအာဏာပိုင်တို့ က သတင်းသမားတွေကို ဟန့်တားမှာတို့ သတင်းယူခွင့် မပေးမှာတို့ ရှိနိုင်တယ်။

အဲဒါတော့ အမြဲတမ်း ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝပေါ့နော်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုပဲ ခွင့်ပြု တယ်လို့ ပြောထားစေကာမူ အောက်ခြေမှာ ရပ်ကျေးကော်မရှင်ပဲ ဖြစ်စေ၊ မြို့နယ်ကော်မရှင်ပဲ ဖြစ်စေ သူတို့ဆုံးဖြတ်ချက်သည်အတည်ဖြစ်တယ်ဆိုတာနဲ့ အဲလိုဟာမျိုးတွေ ဖြစ်နိုင်ပါတယ်။ နောက်တခါ တားဆီးတာတို့ ၊ တစ်ခါတလေမှာ အထင်အမြင်လွဲမှားတာတို့ သို့မဟုတ် သတင်းသမား ကလည်း စည်းကမ်းချိုးဖောက်မိတာလည်း ဖြစ်နိုင်တယ်။ အဲဒီလိုအခါမျိုးမှာ ယာယီထိမ်းသိမ်းတာပဲ ဖြစ်စေ ဖမ်းဆီးတာတို့ တားဆီးတာတို့ ဖြစ်နိုင်တယ်။ နောက်တစ်ခုကတော့ လက်နက်ကိုင် ပဋိပက္ခတွေရှိတဲ့နေရာမှာ သတင်းသမားတွေ သတိထားသင့်တယ်။ ကိုယ့်လုံခြုံရေး ကိုယ်သတိထားသင့် တယ်လို့ ထင်တယ်”

ဒီလိုပါပဲ။ သတင်းသမားတွေဟာ ကိုယ့်လုံခြုံရေး သတိထားကြရမှာဖြစ်သလို ကိုယ့်ဘက်က စောင့်စည်းထိန်းသိမ်းလိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းများကိုလည်း ဖေါက်ဖျက်လို့မရတဲ့အကြောင်း ကိုကျော်မင်းဆွေက အခုလိုပြောပါတယ်။

“အမှန်ကတော့ ရွေးကောက်ပွဲ နည်းဥပဒေတွေကို သိထားသင့်တယ်။ ဒါကတော့ သတင်းသမားကော သာမန်ပြည်သူတစ်ယောက်ကော အတူတူပဲပေါ့နော်။ သတင်းသမား ကလည်း ထူးခြားပြီးတော့ အခွင့်အရေး နိုင်ငံသားတစ်ယောက်နဲ့ သိပ်ပြီးတော့မကွာဘူး။

လွတ်လပ်စွာ မဲပေးခွင့်ကိုအနှောက်အယှက်ဖြစ်စေတာမျိုး အဲဒါကလည်း ရွေးကောက်ပွဲ ဥပဒေနဲ့ငြိစွန်းတဲ့အတွက် သတင်းသမားဖြစ်လည်းအရေးယူခံရမှာပဲ။ ဥပမာ မဲရုံထဲ ဝင်ခွင့်မရှိဘူး။ မဲရုံထဲဝင်မယ် ဓတ်ပုံရိုက်ဖို့ကြိုးစားမယ်ဆိုရင် ဥပဒေနဲ့ငြိနိုင်တယ်။ နောက်တစ်ခါ မဲဆွယ် စည်းရုံးခွင့်မရှိတဲ့ နေရာမျိုး သူတို့ ဘာမဲပေးခဲ့လည်းဆိုတာမျိုးကို သတင်းမေးတဲ့နေရာမှာ အနှောက်အယှက်ဖြစ်စေတဲ့ ပုံစံမျိုးနဲ့   မေးမြန်းတယ်ဆိုရင် အဲဒီကတိုင်ကြားတယ်ဆိုရင် အဲဒါမျိုး လည်း ပြဿနာဖြစ်နိုင်တယ်။ အဲလို ရွေးကောက်ပွဲ ဥပဒေတွေ နည်းဥပဒေတွေကို ကျွန်တော်တို့ သတင်းယူတဲ့ ကိစ္စနဲ့ပတ်သက်တဲ့အပိုင်းတွေကို သေသေချာချာလေ့လာထားသင့်တယ် ”

 ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲက မြန်မာနိုင်ငံ ရှေ့ခရီးအတွက် ဘာ့ကြောင့် အရေးပါနေရပါသသလဲ။ အဘယ့်ကြောင့် လူတစ်ဦးချင်းစီရဲ့ မဲပေးခွင့်က အရေးပါ နေရတာပါသလဲ။ အဘယ်ကြောင့် ရွေးကောက်ပွဲ မှန်ကန်မျှတရန် လိုအပ်နေရတာပါသလဲ။ ဒီရွေးကောက်ပွဲကနေ ဘယ်လို အစိုးရတစ်ရပ် ထွက်ပေါ်ရန် မဖြစ်မနေ လိုအပ်နေရတာလဲ။ ဤမေးခွန်အားလုံးအတွက် ရှင်ကြီးဝမ်းနဲ့ ရှင်ငယ်ဝမ်းရော ဝင်ခဲ့ဖူးတဲ့လူထုလူတန်းစား အလွှာအသီးသီးရှိ ပြည်သူတွေအားလုံးရဲ့ ရင်ထဲမှာ အဖြေက ရှိနေပြီးသားပါ။ ဒါပေမယ့်လည်း သတင်းမီဒီယာသမားများအနေနဲ့ ကိုယ့်တာ ကိုယ်လုံအောင် ကာဖို့လိုတယ်ဆိုတဲ့အချက်နဲ့ လုံအောင်လုပ်နေတဲ့ကြားက လိုအပ်ချက်တွေကတော့ ရှိနေတယ်လို့လည်း ဦးကျော်မင်းဆွေက ပြောပါတယ်။

“ကျွန်တော်တို့ဘက်ကတော့ ကိုယ့်ဆိုက် ကိုယ့်တာ လုံဖို့ပြင်ဖို့ကတော့ နံပတ် ၁ပေါ့။ ဒါပေမယ့် တစ်ခါတလေကျတော့  ကျွန်တော်တို့ကြုံရမယ့် ပြဿနာကဘာလည်းဆိုတော့ သတင်းသမားတွေကြုံရမှာက အခုတောင်မှ ကျွန်တော်တို့ ကြုံနေရပြီပေါ့နော်။ ကျွန်တော်တို့နဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ စကားပြောထားပြီး စာတွေ ထုတ်ထားတာက ခရိုင်အလိုက် ရွေးကောက်ပွဲ နေ့ မှာ မဲရုံပရဝုဏ်အတွင်းကို သတင်းသမား ဝင်ခွင့်ဆိုတဲ့ ကိစ္စပေါ့နော်။

အစတုန်းကတော့ တစ်မြို့နယ် သုံးယောက် ၊ သုံးယောက်မှာ တစ်တိုက်တည်းကခွင့်ပြုတာပေါ့နော်။ ကျွန်တော်တို့ ကော်မရှင်နဲ့ တွေ့ပြီးတော့ ညှိနှိုင်းတဲ့အခါမှာ ခရိုင်အတွင်းကဘယ်မြို့နယ်မဆိုသွားခွင့်ရှိတယ်။ တသီးပုဂ္ဂလတွေအတွက်ပါ ကျွန်တော်တို့က ထည့်ပေးထားတယ်။ တသီးပုဂ္ဂလဆိုတကတော့ ဖရီးလန့်စ် တွေပေါ့။ ဖရီးလန့်စ်သတင်းသမားတွေအတွက်လည်း သူတို့ကိုထောက်ခံမယ့်သူရှိရင် နောက်ဆုံး သူတို့ကိုယ်တိုင် ထောက်ခံချက်ပေးလို့ရှိရင် အသိအမှတ်ပြုကဒ်ပြားထုတ်ပေးဖို့ဆိုတဲ့ အထိ ကျွန်တော် တို့ဆွေးနွေးထားတယ်။ အဲဒီအတိုင်းစာတွေ ထွက်ထားတယ်။ ဒါပေမယ့် အခုကျွန်တော်တို့ ပြန်ကြားနေရတာက ခရိုင်အဆင့်တွေ တခြားပြည်နယ်နဲပတိုင်းဒေသကြီးအဆင့်တွေမှာက စာနယ်ဇင်းကောင်စီယာယီရဲ့ ထောက်ခံချက်ပါ လိုတယ်ဆိုတဲ့ ဖြည့်စွက်ချက်ပေါ့နော်။ ဒါတွေ ဖြစ်လာတယ်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး လုပ်ငန်းဟာ ရွေးကောက်ပွဲ မသမာမှုတွေကို  တိုက်ရိုက် မကာကွယ်နိုင်ပေမယ့် ရွေးကောက်ပွဲ တစ်ရပ်က လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိ ဆုံးဖြတ်ရာမှာ လေ့လာ စောင့်ကြည့်သူများရဲ့ ဝေဖန်ချက်တွေက တကယ်ပဲ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒီလုပ်ငန်းစဉ်ကို ဘက်မလိုက်တဲ လွတ်လပ်သည့်အဖွဲ့တွေက စနစ်တကျ စေ့စပ်သေချာစွာ လုပ်ဆောင်ဖို့ လိုသလို မီဒီယာတွေကလည်း သတင်းဦးသတင်းထူး သတင်းမှန်တွေကို ပြည်သူတွေ သုံးသပ်နိုင်အောင် ပို့ပေးရမယ့်တာဝန်ရှိပါတယ် ဒါ့ကြောင့် မီဒီယာနဲ့ စောင့်ကြည့် လေ့လာရေးအဖွဲ့တွေဟာ တစ်ဦးနဲ့တစ်ဦး သုံးနဲ့လေးလိုကျောချင်း ကပ်ထားဖို့လိုအပ်လှပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags