မန္တလေးတွင် ကော်မရှင်ထုတ်ပြန်သည့်မဲစာရင်း နှင့် NLD ကွင်းဆင်းကောက်သည့်စာရင်း ကွာဟမှုရှိနေ

မန္တလေးတွင် ကော်မရှင်ထုတ်ပြန်သည့်မဲစာရင်း နှင့် NLD ကွင်းဆင်းကောက်သည့်စာရင်း ကွာဟမှုရှိနေ

မန္တလေး၊ အောက်တိုဘာ ၂၈ ။ ။ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များ စိစစ်ခြင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့်စာရင်နှင့် ကွာခြားမှုများရှိနေသောကြောင့် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဖြစ်မလာနိုင်ဟု သံသယရှိနေကြောင်း မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်ထွဋ်ဦးက အောက်တိုဘာလ ၂၈ ရက် နံနက် ၁၁ နာရီတွင် ပါတီတိုင်းရုံးတွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“မဲစာရင်းဖောင်းပွနေတဲ့ အမည်စာရင်းတွေဟာ ရာခိုင်နှုန်းက အတော်လေးများတာကို တွေ့ရပါတယ်။ လွဲတာဟာ ထိုက်သင့်တဲ့ ကွဲလွဲချက် ထိုက်သင့်တဲ့ အတိုင်းအတာဆို ကျွန်တော်တို့အနေနဲ့ ဒီလောက်အရေးတကြီး ပြောဖို့တောင်မလိုအပ်ပါဘူး။ရှေ့မှာကျွန်တော်တို့ကြုံခဲ့ဘူးတဲ့ ရွေးကောက်ပွဲ နှစ်ခုရဲ့အခြေအနေအရ ဒီကနေ့ဖြစ်လာတဲ့အနေအထား ကျွန်တော်တို့ဒီအပေါ်မှာ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လာဖို့အတွက်ကို အတော်စဉ်းစားနေရတယ်။ စောင့်ကြည့်နေရမယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။”ဟု ဦးတင်ထွဋ်ဦးက ပြောသည်။
 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မဲစာရင်းစီစစ်ရေးအဖွဲ့မှ မဟာအောင်မြေမြို့နယ်တွင် အောက်တိုဘာလ ၁၄ ရက်မှစတင်၍ အောက်တိုဘာလ ၂၄ ရက်အထိ ကွင်းဆင်းစစ်ဆးခြင်းများပြုလုပ်ခဲ့သည်။ တိုင်းကော်မရှင်မှ ထုတ်ပြန်ထားသော မဲဆန္ဒရှင် စာရင်းမှာ ၁၃,၉၇၃ ဦးရှိသော်လည်း NLDမှ ကွင်းဆင်းစစ်ဆေးသည့်အခါ ၈,၇၂၅ ဦးသာ စီစစ်တွေ့ရှိရကြောင်း သိရသည်။ ထို့ကြောင့် အပိုမဲဆန္ဒရှင်စာရင်းမှာ ၅,၂၄၈ ဦး ရှိနေသည့် သဘောဖြစ်တယ်။

ထိုသို့ အပိုမဲဆန္ဒရှင်များ ထွက်လာသည်နှင့် ပတ်သက်၍ NLD ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့သို့ အကြောင်းကြားထားပြီး ရွေးကောက်ပွဲနေ့တွင်လည်း ပါတီကစောင့်ကြည့်ကာ မသမာမှုများတွေ့ရှ်ပါက ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားသွားမည်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဇာနည်အောင်က ပြောသည်။

အမရပူရမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင် က “ကြုံခဲ့တဲ့ရွေးကောက်ပွဲတွေထဲ အခုလို မဲစာရင်းကို သုံးကြိမ်ကြေငြာတာမကြုံဘူးဘူး။ တစ်ကြိမ်ပဲကြေငြာတယ်။ အမှာလည်းအလွန်နည်းပါတယ်။၉၀ခုနှစ်ကဆိုရင်လည်း မဲစာရင်းတစ်ခါပဲ ကပ်ပါတယ်။ မဲစာရင်းမှ ကျန်ခဲ့တယ်လို့ ထပ်ဖြည့်ရတယ်လို့မရှိပါဘူး။ ၂၀၁၂ ခုနှစ်တုန်းကလည်း မဲစာရင်းတစ်ကြိမ်ပဲ ထုတ်ပါတယ်။ အဲဒီတုန်းက ကျန်တာပြုတာနည်းနည်းပဲရှိခဲ့ပါတယ်။ အခုကတော့ သုံးကြိမ် ထုတ်ရတယ်။ “မဲစာရင်းပိုနေတယ်။ ပိုနေတဲ့ဟာက နည်းနည်းလေးဆိုရင်ပြသနာမရှိပေမယ့် အများကြီးပိုလာတယ်ဆိုတာ ရွေးကောက်ပွဲရလာဒ်ကို သံသယဖြစ်ဖွယ်ရာတွေဖြစ်လာပါတယ်။”ဟု ဒေါက်တာဇော်မြင့်မောင် ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags