ရေကြီး ရေလျှံ ငါးပုဇွန် အပျက်အစီး ကျပ်သန်း လေးသောင်းကိုးထောင်ကျော်ရှိ

ရေကြီး ရေလျှံ ငါးပုဇွန် အပျက်အစီး ကျပ်သန်း လေးသောင်းကိုးထောင်ကျော်ရှိ

အောက်တိုဘာ ၂၈ ရက် ။             ။ မြန်မာနိုင်ငံအနှံ့ ရေကြီးရေလျှံမှုများကြောင့် တိုင်းဒေသကြီး ၅ ခု နှင့် ရခိုင်ပြည်နယ်ရှိ ငါး၊ ပုဇွန်ကန်များပျက်စီးခဲ့ပြီး စုစုပေါင်းတန်ဘိုး ကျပ်ငွေ သန်းပေါင်း   လေးသောင်းကိုးထောင်ကျော် ရှိကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသည်။

အောက်တိုဘာ ၂၈ ရက်ထုတ် ကြေးမှုံသတင်းစာအရ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှ စုစုပေါင်း ငါးမွေးတောင်သူ ၁၁၈၅ ဦး၏ ငါးကန်ဧကပေါင်း ၃၄၇၂၀ ဒဿမ ၁၃၉ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၌ ငါးမွေးတောင်သူ ၂၆၈၃ ဦး၏ ငါး၊ ပုဇွန်ကန် ၅၈၆၈၀ ဒဿမ ၆၈ ဧက ပျက်စီးသည်ဟုလည်း ဖော်ပြသည်။

ယင်းသို့ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် လုပ်ငန်းရှင်များအား မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံငါးလုပ်ငန်းရှင်များအသင်းနှင့် အခြားအလှူရှင်များက ထောက်ပံ့ကူညီမှု အခမ်းအနားကို အောက်တိုဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။

ထောက်ပံ့ကူညီရာတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက ကျပ်သိန်း ၁၅၀၀ တန်ဖိုးရှိ ငါးသားပေါက်များကိုလည်းကောင်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းရှင်များအသင်းက အလှူခံငွေ ကျပ်သိန်း ၁၇၉၆ ကျော်မှ သိန်း ၁၇၃၆ ကျော်ကို ငါးမွေးတောင်သူ ၁၁၈၅ ဦးတို့အား တစ်ဧက ကျပ် ၅၀၀၀ နှုန်းဖြင့် ထောက်ပံ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required