ကိုရိုနာဗိုင်းရပ်သံသယရှိသူ လွိုင်ကော်တွင် တစ်ဦးထပ်တွေ့၊ စုစုပေါင်း သံသယလူနာ ငါးဦးအထိရှိလာ

ကိုရိုနာဗိုင်းရပ်သံသယရှိသူ လွိုင်ကော်တွင် တစ်ဦးထပ်တွေ့၊ စုစုပေါင်း သံသယလူနာ ငါးဦးအထိရှိလာ

ဖေဖော်ဝါရီ ၂ ။             ။ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတစ်ဦးကို လွိုင်ကော်မြို့ ထပ်မံတွေ့ရှိထားပြီး စုစုပေါင်း သံသယလူနာ ငါးဦးကို စောင့်ကြည့် ကုသမှုများ ဆောင်ရွက်နေတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံတွင် တရုတ်နိုင်ငံ ကွမ်ကျိုးမှ ရောက်ရှိလာသည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် အသက်(၁၅)နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသားတစ်ဦး စုစုပေါင်းနှစ်ဦး သံသယလူနာအဖြစ် စောင့်ကြည့်ကုသမှုများ ပြုလုပ်နေပြီး မင်းပြား၊ ကျိုင်းတုံနှင့် လွိုင်ကော်တို့မှာ တစ်ဦးစီ စောင့်ကြည့်စစ်ဆေးမှုများ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

“ တရုတ်လူမျိုး ၅၆ နှစ်အရွယ်တစ်ဦး၊ ဒီနေ့မှာတော့ ပုဂ္ဂိလိကဆေးရုံက အသက်၁၅နှစ်အရွယ် ကလေးလေးကို ချောင်းဆိုးတယ်၊ သွေးပါတယ် ရောဂါလက္ခဏတွေနဲ့ ကိုက်ညီတဲ့အတွက် ဝေဘာဂီဆေးရုံမှ သံသယလူနာ အဖြစ်နဲ့ ကုသပေးနေတာ နှစ်ယောက်ရှိတယ်။ မင်းပြားမှာလည်း အသက် ၃၈နှစ်ရွယ်အမျိုးသားတစ်ဦး၊ ကျိုင်းတုံမှာရှိတဲ့ တစ်နှစ်၊နှစ်လအရွယ် ကလေးလေးတစ်ဦးကလည်း စီချွမ်ပြည်နယ်ကနေပြန်လာတယ်။

သူ့ဆီကလည်း နာမူနာ ဆေးစစ်ချက်ယူပါတယ်။ ကယားပြည်နယ် လွိုင်ကော်ကတစ်ယောက်ကလည်း သံသယလူနာအဖြစ် နာမူနာယူပါတယ်။ ဒီနေ့က လေးဦးရှိပါတယ်။ တရုတ်နိုင်ငံသားတစ်ဦးနဲ့ ပေါင်းရင် သံသယလူနာအဖြစ် စစ်ဆေးချက်နာမူနာယူတာ ငါးဦးရှိသွားပါပြီ ” ဟုပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ဖျားခြင်း၊ ချောင်ဆိုးသွေးပါခြင်း၊ အသက်ရှူကြပ်ခြင်းရောဂါ လက္ခဏာများဖြင့် လာရောက်ပြသခဲ့သူ အသက်(၁၅)နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသား ကလေးတစ်ဦးရှိကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနများသို့ ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် သက်ဆိုင်ရာ ပြည့်သူ့ကျန်းမာရေးပညာရှင်များမှ လူနာရောဂါရာဇဝင်နှင့် ခရီးသွားရာဇဝင်အား သုံးသပ်ပြီး သံသယလူနာအဖြစ် သတ်မှတ်ပြီး ဝေဘာဂီဆေးရုံကြီးသို့ ချက်ချင်းလွှဲပြောင်းကုသမှု ပေးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ(၁၉)ရက်နေ့တွင် တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် မိသားစုမှ အသက် (၁) နှစ်၊ (၂)လအရွယ်ရှိ ကလေးငယ်တစ်ဦးတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းရောဂါလက္ခဏာများဖြင့် ကျိုင်းတုံမြို့ရှိ ပုဂ္ဂလိကဆေးခန်းသို့ လာရောက်ပြသခဲ့ရာ အဆိုပါကလေးငယ်ကို သံသယလူနာအဖြစ် သတ်မှတ်၍ ဖေဖော်ဝါရီ(၁) ရက်နေ့တွင် ကျိုင်းတုံ ပြည်သူ့ဆေးရုံရှိ သီးခြားခန်း (isolation room) ၌ ထားရှိကုသလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဇန်နဝါရီ(၂၀)ရက်နေ့တွင် တရုတ်နိုင်ငံ၊ ဂျယ်ခေါင်မြို့မှ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် သို့ ပြန်လည်ရောက်ရှိခဲ့သည့် အသက်(၃၈)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးတွင်လည်း ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် ၎င်းအား သံသယလူနာအဖြစ်သတ်မှတ်၍ မင်းပြားဆေးရုံ၌ သီးသန့်ခန်း (Isolation ward)တွင် ထားရှိ၍ လူနာအား လိုအပ်သောဆေးကုသမှုများ ပေးပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်းလည်း သိရသည်။

2019 Novel Coronavirus ရောဂါ ရှိ၊ မရှိ အတည်ပြုစစ်ဆေးရန်အတွက် လူနာများထံမှ နှာခေါင်းတို့ဖတ် နမူနာ (Nasopharyngeal Swab) များ ရယူပြီး၊ ညွှန်းပို့ ဓါတ်ခွဲခန်းများသို့ ပေးပို့ပြီး စစ်ဆေး လျက်ရှိကြောင်းလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ မြန်မာကျောင်းသားများကို မြန်မာနိုင်ငံကိုသို့ ပြန်လည်ခေါ်ဆောင်ရာတွင်လည်း ကျောင်းသား တစ်ဦးနှင့် ကျောင်းသူ တစ်ဦးမှာလည်း လေယာဉ်ပေါ်တက်ချိန်တွင် ကိုယ်အပူချိန်မြင့်မားနေသည့်အတွက် လိုက်ပါနိုင်ခြင်းမရှိသော်လည်း လက်ရှိအချိန်တွင် အဆိုပါ ကျောင်းသား နှစ်ဦးမှာ ကိုယ်အပူချိန် ပုံမှန်အတိုင်းဖြစ်ကာ ကျန်းမာရေးကောင်းမွန်နေပြီး ၎င်းတို့နေထိုင်ရာ တက္ကသိုလ် ကျောင်းဆောင်များသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း ဘေဂျင်းမြို့ရှိ မြန်မာသံရုံးက ဖေဖေါ်ဝါရီလ ၂ရက်နေ့တွင် ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly