လက်စတာ ၂-၂ ချယ်လ်ဆီး သရေကျပြီးနောက် "ကျေနပ်နေတဲ့" လမ်းပတ်နဲ့ "စိတ်ပျက်နေတဲ့" ရော်ဂျာ

လက်စတာ ၂-၂ ချယ်လ်ဆီး သရေကျပြီးနောက် "ကျေနပ်နေတဲ့" လမ်းပတ်နဲ့ "စိတ်ပျက်နေတဲ့" ရော်ဂျာ
Photos: EPA

အင်္ဂလိပ်ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ် (၂၅) မှာ လက်စတာအသင်းကို သရေကျပြီးနောက် ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်က "သရေတစ်မှတ်အတွက် ကျေနပ်မှုရှိ"နေအချိန်မှာ လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကတော့ ဒီရလဒ်အတွက် "စိတ်ပျက်မိတယ်"လို့ ပြောဆိုသွားပါတယ်။

လက်စတာနဲ့ ချယ်လ်ဆီးတို့ပွဲစဉ်ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းအစမှာ ရူဒီဂါရဲ့ ခေါင်းတိုက်ဂိုးနဲ့ ချယ်လ်ဆီးတို့ ဦးဆောင်ဂိုးရသွားခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးရဲ့ ဦးဆောင်မှုဟာ ကြာကြာမခံခဲ့ဘဲ (၅၄)မိနစ်မှာတော့ ဟာဗေးဘန်းစ်က လက်စတာအသင်းအတွက် ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။

(၆၄)မိနစ်မှာ ဘင်ချီဝဲလ်က လက်စတာအတွက် ဦးဆောင်ဂိုးပြန်သွင်းခဲ့ပေမယ့် (၇၁)မိနစ်မှာ မေဆန်မောင့်ရဲ့ ပေးပို့မှုကနေ ရူဒီဂါကပဲ ချယ်လ်ဆီးအတွက် ချေပဂိုးကို ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် ပွဲအပြီးမှာ (၂-၂)ဂိုးနဲ့ သရေပွဲဖြစ်ခဲ့ပါတယ်။

လမ်းပတ်က ဒီပွဲနဲ့ ပတ်သက်ပြီး "ကျနော်ကတော့ ဒီပွဲကို မျှတတဲ့ သရေတစ်မှတ်လို့ပဲ ထင်ပါတယ်။"လို့ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ပထမပိုင်းမှာ ကျနော်တို့ဟာ ပိုကောင်းတဲ့ အသင်းဖြစ်တယ်လို့ မြင်ပါတယ်။ ဟုတ်ပါတယ်။ ပြိုက်ဖက်အသင်းဟာ အခွင့်အရေးကောင်းအချို့ ရခဲ့တာ မှန်ပါတယ်။ ကျနော်တို့က သူတို့ကို ဒီလိုအခွင့်အရေးတွေ ပိုင်ဆိုင်ဖို့ ခွင့်ပြုပေးခဲ့ရတာပါ။"

"ဒါပေမယ့် ဘောလုံးဆုံးရှုံးနေချိန် ကျနော်တို့ အသင်းရဲ့ ကစားပုံ တချို့ကလည်း ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ဒုတိယပိုင်းရဲ့ နောက်ပိုင်းမိနစ်တွေမှာတော့ သူတို့ဟာ တကယ့် အပိုင်အခွင့်အရေးတွေ ရခဲ့ပါတယ်။ ဒါ့ကြောင့်မို့ သူတို့နဲ့ ကျနော်တို့ ယှဉ်ကြည့်ရင်တော့ အခွင့်အရေး ရပုံချင်း အတူတူပဲလို့ ထင်ပါတယ်။"

"ဒီသရေတစ်မှတ်အတွက် ကျနော် ကျေနပ်မှုရှိပါတယ်။"

လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာကတော့ အိမ်ကွင်းမှာ ချယ်လ်ဆီးကို (၂-၂)ဂိုးနဲ့ သရေကျခဲ့လို့ စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ ပထမပိုင်းမှာကတည်းက တကယ့်ကောင်းမွန်တဲ့ အခွင့်အရေးတချို့ ဖန်တီးနေခဲ့တာပါ။ ဒုတိယပိုင်းရဲ့ နောက်ပိုင်းမှာ တကယ့်ကို ကောင်းတဲ့ အရည်အသွေးကို ကျနော်တို့ ပြသခဲ့တယ်။ ဒါပေမယ့် အဆုံးမှာတော့ ကျနော်တို့ နိုင်ပွဲမရခဲ့တာကို စိတ်ပျက်မိပါတယ်။"လို့ ရော်ဂျာက ပြောဆိုသွားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly