ပယ်လီဂရီနီကြောင့်သာ မန်စီးတီးတွင် ရှိနေရခြင်းဖြစ်သည်ဟု ယာယာတိုရေးဖွင့်ဟ

ပယ်လီဂရီနီကြောင့်သာ မန်စီးတီးတွင် ရှိနေရခြင်းဖြစ်သည်ဟု ယာယာတိုရေးဖွင့်ဟ

မန်ချက်စတာ၊ အောက်တိုဘာ ၂၈ ။               ။ အိုင်ဗရီကို့စ်လက်ရွေးစင် ကွင်းလယ်ကစားသမား ယာယာတိုရေးက ပြီးခဲ့သည့် နွေရာသီက အသင်းပြောင်းရွှေ့ရန် နီးစပ်ခဲ့သော်လည်း နည်းပြပယ်လီဂရီနီကြောင့်သာ မန်စီးတီးအသင်းတွင် ဆက်ရှိနေရခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

ပြီးခဲ့သည့်နှစ်က ယာယာတိုရေး၏ ညီတစ်ဦးဖြစ်သည့် အီဗရာဟင် ဆုံးပါးခဲ့ရာတွင် ပယ်လီဂရီနီမှာ အနီးကပ်ကူညီစောင့်ရှောက်ပေးခဲ့သည့်အတွက် ယာယာတိုရေးမှာ ၎င်း၏နည်းပြကို   လေးစားကြည်ညိုလျက်ရှိသည်။

'ကျွန်တော်မန်စီးတီးမှာ ဆက်ရှိနေရတဲ့ တစ်ခုတည်းသော အကြောင်းအရာက ပယ်လီဂရီနီကြောင့်ပါပဲ။ သူဟာ ကျွန်တော်နဲ့ အမြဲတမ်း ဆွေးနွေးပြောဆိုလေ့ရှိပြီး အကြံလည်း အမြဲပေးပါတယ်။ ကျွန်တော့်ဘဝရဲ့ ကွင်းပြင်ပနေထိုင်မှုမှာ ပယ်လီဂရီနီက အများကြီးလွှမ်းမိုးမှုရှိပါတယ်။

အခက်အခဲတွေ ကြုံတွေ့နေရချိန်မှာ သူဟာ ဖခင်တစ်ဦးလို ဆက်ဆံခဲ့ပါတယ်။ အခြားနည်းပြတွေနဲ့ ဒီလိုမျိုး ကျွန်တော်တစ်ခါမှ မဆက်ဆံခဲ့ဖူးပါဘူး။ ဒီရာသီမတိုင်ခင်မှာ ကျွန်တော်တို့ ကစားသမားတွေအားလုံး အကောင်းဆုံးပုံစံကို ပြန်ရအောင် ပြုလုပ်ကြမယ်လို့ နည်းပြကို ကတိပေးခဲ့ကြပါတယ်။

မန်စီးတီးပရိသတ်တွေအတွက်၊ နည်းပြအတွက် ပြီးတော့ ကျွန်တော်တို့အတွက် ဒီရာသီမှာ အရေးပါတဲ့ အဓိက ဆုဖလားတစ်ခုခုရရှိဖို့ ကြိုးစားနေကြပါတယ်' ဟု ယာယာတိုရေးက ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly