မသန်စွမ်းသူတွေအတွက် မဲရုံဘယ်မှာဆိုတာ မသိသေး ဒါဘယ်လောက် စီမံခန့်ခွဲမှု ညံ့ဖျင်းသလဲဆိုတာ ပြနေ

28 October 2015
မသန်စွမ်းသူတွေအတွက် မဲရုံဘယ်မှာဆိုတာ မသိသေး ဒါဘယ်လောက် စီမံခန့်ခွဲမှု ညံ့ဖျင်းသလဲဆိုတာ ပြနေ

မင်္ဂလာပါ မဇ္ဈိမ ပရိတ်သတ်များခင်ဗျာ ကျွန်တော်တို့ ဒီနေ့ တွေ့ဆုံမေးမြန်းမယ့်သူကတော့ ဆရာ ဦးရဲဝင်းဖြစ်ပါတယ်။ သူဟာ  I School Myanmar ရဲ့ Program မန်နေဂျာလည်း ဖြစ်ပါတယ်။ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးတွက် အဓိကထား လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရွေးကောက်ပွဲလည်း နီးလာတာ ဖြစ်တဲ့အတွက် မသန်စွမ်းတွေ ရွေးကောက်ပွဲမှာ ဘယ်လိုမဲပေးမယ်။ မသန်စွမ်းတွေအတွက် ဘယ်လို ပြင်ဆင်နေကြသလဲ ဆိုတဲ့ အခန်းကဏ္ဍတွေကို ဆရာဦးရဲဝင်းနဲ့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။

မဇ္ဈိမရဲ့ မေးမြန်းမှုမှာ ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေအတွက် မဲရုံဘယ်မှာဆိုတာ မသိသေးဘဲ ဖြစ်နေပြီး ဒါဘယ်လောက် စီမံခန့်ခွဲမှု ညံ့ဖျင်းသလဲဆိုတာ ပြနေတာလို့ သူက ဆိုခဲ့ပါတယ်။

 

ကျွန်တော် ပထမဆုံးမေးချင်တာက ရွေးကောက်ပွဲလည်း နီးလာပြီ ဆိုတဲ့ခါကျတော့ ဒီရွေးကောက်ပွဲမှာ မသန်စွမ်းတွေကို ဘယ်လိုမျိုး မဲရုံတွေကပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကိုယ်စားလှယ်တွေကနေပြီးတော့ ဘယ်လိုမျိုး မသန်စွမ်းတွေကို ပံ့ပိုးပေးထားနိုင်သလဲ၊ မဲရုံတွေကရော ဘယ်လို ရှိနိုင်မလဲ မသန်စွမ်းတွေ မဲပေးတဲ့ခါ  ဘယ်လောက်အထိ လွယ်လွယ်ကူကူ မဲပေးလို့ရမလဲ ဘယ်လိုရှိနိုင်မလဲ ။

ကျွန်တော်တို့ ၂၀၁၂ ရွေးကောက်ပွဲ ပြီးကတည်းက UEC နဲ့ အရပ်ဘက် အဖွဲ့အစည်းများ အစည်းအဝေးတွေ ပုံမှန် လုပ်ခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ မသန်စွမ်းတွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေကို ပြင်ဆင်တဲ့အခါမှာ မသန်စွမ်းတွေအတွက် အခွင့်အရေးကို တိတိကျကျ ပါဝင်နိုင်ဖို့အတွက် မဲပေးပိုင်ခွင့်ကို သေချာအောင် လုပ်ဖို့အတွက် ကျွန်တော်တို့ တွေဟာ ဝိုင်းပြီး တိုက်တွန်းခဲ့တယ်ပေ့ါနော်။

အဲဒီတော့ ဒီမသန်စွမ်းသူတွေက နိုင်ငံရေးတို့ ရွေးကောက်ပွဲတို့မှာ ပါဝင်တဲ့အချိန်မှာ ပထမဆုံးအတားဆီးကတော့ ဥပဒေပိုင်း ဆိုင်ရာ အတားဆီးပေါ့။ ကျွန်တော်တို့် ဥပဒေပိုင်းဆိုင်ရာ အတာအဆီးဆိုတာ ကျွန်တော်တို့ရဲ့ အခွင့်ရေးတွေကို ဥပဒေက တိတိကျကျ ဖော်ပြနိုင်မှ ဒီရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်တို့ သူတို့ ဆောင်ရွက်ပိုင်ခွင့် ရလာမယ်ပေါ့နော်။ အဲဒီတော့ ကျွန်တော်တို့ ဒီမသန်စွမ်း အဖွဲ့အစည်းတွေ ဝိုင်းဝန်း တိုက်တွန်းမှုကြောင့် ကျွန်တော်တို့ ၂၀၁၄ ရွေးကောက်ပွဲ နည်းဥပဒေတွေ ပြင်တဲ့အခါမှာ ဒီမသန်စွမ်းသူတွေနဲ့ သက်ဆိုင်တဲ့ တစ်ချို့ အပိုဒ်တွေကို ထပ်မံပြီးတော့ ဖြည့်စွက်ပြီးတော့ ထည့်ပေးခဲ့တယ်။ ဒါဟာ ကျွန်တော်တို့်ရဲ့ အောင်မြင်မှုတစ်ခုပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ခုနကလို ဥပဒေပိုင်းဆိုင်ရာ အတားဆီးကို ကျော်လိုက်နိုင်ပြီပေါ့။

အဲဒီတော့ နောက်အတားအဆီး တစ်ခုတွေ့ရမှာက ရုပ်ပိုင်းဆိုင်ရာ အတားအဆီးလို့ ခေါ်တာပေါ့။ Physical Barriers အဲဒီတော့ ရုပ်ပိုင်းဆိုင်ရာ အတားအဆီးက ဘာတွေလဲ ဆိုတော့ မဲရုံတည်ဆောက်တဲ့ ပုံစံတွေ နောက်ပြီးတော့ မဲရုံကနေပြီးတော့ မဲဆန္ဒရှင် ပညာပေးဖို့ အတွက် မသန်စွမ်းသူတွေ ရနိုင်မယ့် သတင်းအချက်လက်တွေပေါ့။ အဲတာမျိုးတွေ နောက် မျက်မမြင်တွေအတွက်ဆိုရင် လက်စမ်းစာတွေပေါ့နော်။ အဲဒီအတား ဆီးတွေကတော့ ဆက်လက်ပြီးတော့ ရှိနေတုန်းပဲ ပေါ့နော်။

 

အခု ရွေးကောက်ပွဲလဲ နီးလာပြီဆိုတော့ မဲရုံတွေ ပြင်ကြမယ်။ တည်ဆောက်ကြမယ်။ ဒီမဲရုံဆောက်မယ်။ ဒါမှမဟုတ်ရင် မဲရုံပြင်မယ့် ပုဂ္ဂိုလ်တွေကို ဆရာတို့အနေနဲ့ ဘယ်လိုမျိုး ဖြစ်သင့်တယ်။ ဒီမဲရုံတွေကနေပြီးတော့ မသန်စွမ်းတွေအတွက် အထောက်အပံ့ ပေးနိုင်အောင် ခုနက ဆရာပြောသွားတဲ့ အထဲမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဒီဥပဒေရဲ့ အဟန့်အတားတွေ ရှိနေတယ်။ နောက်တစ်ခု ဒီရွေးကောက်ပွဲ နီးလာတယ် ဆိုတဲ့ ခါကျတော့ ကျွန်တော်တို့ မဲရုံတွေ ဆောက်တဲ့ နေရာမှာပဲ ဖြစ်ဖြစ်၊ ဒီမဲရုံသွားတဲ့ လမ်းတွေမှာပဲ ဖြစ်ဖြစ်ပေါ့လေ။ မသန်စွမ်းတွေ အတွက် ဘယ်လို ဖြစ်သင့်တယ်။ ဘယ်လို ပြင်ဆင် ထားသင့်တယ်။ လွယ်လွယ်ကူကူနဲ့ မဲပေးလို့ ရအောင် ဘယ်လို လုပ်ဆောင် သင့်သလဲ။

မသန်းစွမ်း အဖွဲ့တွေ ပေါင်းပြီးတော့ ဒီရွေးကောက်ပွဲ ကော်မရှင်တွေကို တွေ့တယ်ပေါ့နော်။ အဲတော့ တွေ့တဲ့အချိန်မှာ တစ်ချို့ လုပ်ထုံးလုပ်နည်း ဥပဒေထဲမှာတော့ ကျွန်တော်တို့ မသန်စွမ်းတွေနဲ့ ပတ်သက်လို့ ဒီအခွင့်အရေးတွေ ထပ်မံ ဖြည့်စွက်တာတွေ ပါလာပြီပေ့ါ။ ဒီရွေးကောက်ပွဲမှာ မဲပေးနိုင်ရေးအတွက် အခွင့်အရေးတွေပေါ့နော်။ အဲတော့ လုပ်ထုံး လုပ်နည်းတွေဆိုတာ မဲရုံမှူးတို့ ဒုမဲရုံမှူးတို့ပါပဲ။ မသန်စွမ်းတွေအတွက် ဘယ်လို ပြင်ဆင်ထားသင့်လဲ ဆိုတာပါပဲ။ မဲရုံမှူးတို့ ဒုမဲရုံမှူးတို့ ညွှန်ကြားတဲ့ လုပ်ထုံးလုပ်နည်း ပေါ့နော်။ အဲတာတွေ မဲရုံမှူးတို့ ဒုမဲရုံမှူးတို့ လက်စွဲ စာအုပ်ထဲမှာ ပါလာတာ တွေ့ရတယ်ပေါ့နော်။

ကျွန်တော်တို့ တစ်ခန်းရပ်အနေနဲ့ ဒါပေမယ့် ခုနကလို မြန်မာပြည်ရဲ့ အဆောက်အအုံ ဒီဇိုင်းတွေကအစ တော်တော်များများ စာသင်ကျောင်းတွေမှာ လုပ်ပါစေဦး စာသင်ကျောင်းတွေ ကိုယ်တိုင်ကိုယ်က ခုနပြောသလို မသန်စွမ်းတွေ အတွက် တစ်ချို့ လှေကားသစ်တွေပေါ့နော်။ ယူနီဗာဆယ် ဒီဇိုင်း မဖြစ်သေးဘူး။ စာသင်ကျောင်းတွေ ပြင်ဖို့ ပညာရေး ဥပဒေပြင်ကတည်းက တိုက်တွန်းခဲ့တယ်။ မသန်စွမ်းတွေ ကျောင်းတက်ခွင့် ရလာအောင်ပေါ့။။ အဲတော့ အဲဒီ စာသင်ကျောင်းတွေ ကိုယ်တိုင်ကို က ခုထိ စာသင်ကျောင်းတွေကို အတားဆီး ဖြစ်နေသေးတော့ စာသင်ကျောင်းတွေကို မဲရုံအဖြစ် ပြန်ပြောင်းတဲ့ အခါမှာလဲ ကျွန်တော်တို့ မသန်စွမ်းသူတွေအတွက် အတားဆီး ဖြစ်နေမှာပဲပေါ့နော်။ ဒါကတော့ ကျွန်တော်တို့ တွေ့ရတဲ့ အခြေခံ အကျဆုံး အဆောက်အအုံ ဒီဇိုင်းပေါ့နော်။ ဒါကတော့ မဲရုံဒီဇိုင်း ရုပ်ပိုင်းထဲက အတားဆီး တစ်ခုပေါ့နော်။

 

ခုနက ဆရာပြောသွားတဲ့ အထဲမှာ ဒီမဲရုံမှူးတွေကို ညွှန်ကြားချက်ပဲဖြစ်ဖြစ် ဥပဒေရဲ့ ညွှန်ကြားချက်ပဲ ဖြစ်ဖြစ် ပြဌာန်းတဲ့ အခါမှာ ဒီမဲရုံမှူးတွေပဲ ဖြစ်ဖြစ် လူတွေရဲ့ အယူအဆ မသန်စွမ်းသူတွေအပေါ်မှာ ဘယ်လောက်ထိ သိမြင်နားလည် သလဲ ဒါမှ မဟုတ်ရင် မသန်စွမ်းသူတွေအပေါ် နားလည် ပေးနိုင်မယ်လို့ ဆရာထင်သလား။

အဲဒီဟာကို ကျွန်တော်က ခုနက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ပေါ့ သူတို့နဲ့ တွေ့တိုင်း ပြောတဲ့ အခါမှာ သူတို့ကတော့ မဲရုံမှူးတို့ ဒုမဲရုံမှူးတွေကို သင်တန်းပေးတဲ့ အခါမှာ သေသေချာချာ ဒါကိုထည့်ပြီးတော့ သေချာ ပြောပြပေးမယ်ပေါ့နော်။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ ရွေးကောက်ပွဲ ကော်မရှင်က မဲရုံမှူးတွေကို ဘယ်လောက် သင်တန်းမှာ ဘယ်လောက်တိုင်းတာထိ ထည့်ပြီးတော့ သင်တန်းပေးလိုက်လဲ ဆိုတဲ့အရာကို ကျွန်တော်တို့က ရွေးကောက်ပွဲ နေကျမှ တွေ့ရမှာပဲ။ ဥပမာ မဲရုံမှူးတို့ ဒုမဲရုံမှူးတို့ ဆက်ဆံပုံ၊ နောက်ပြီးတော့ ရပ်ကျေး ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မသန်စွမ်းသူတွေပေါ် ဆက်ဆံပုံတွေကို ခုက ကျွန်တော်တို့ အဲဒီရောက်မှ တွေ့ရမှာ ပဲပေါ့နော်။

အဲတော့ ၂၀၁၀/၂၀၁၂ တုန်းကတော့ ခုနကလို အများကြီးပဲ ဖြစ်တယ်။ ဥပမာ မျက်မမြင် ဆိုရင် မဲရုံကို သွားမနေပါနဲ့ ကြိုတင်မဲ ပဲ ယူလိုက်ပါ ဆိုတဲ့ ကိစ္စမျိုးတွေ ဖြစ်တယ်။ ဒါ မဲစာရင်းထဲမှာပါလာတယ်။ အဲတော့ မျက်မမြင် ဖြစ်ပြီးတော့ မဲရုံကို သွားပြီး မဲပေးမနေပါနဲ့ ကြိုတင်မဲပဲ ပေးပါဆိုတော့ တကယ့်တကယ်က ဒီဥပဒေထဲမှာ ပြဌာန်းထားတာက သူကိုယ်တိုင်က မဲပေးချင်စိတ်ရှိတယ်။ မဲရုံထဲ လာနိုင်တယ်ဆိုရင် အကူခေါ်ပြီးတော့ သွားပေးလို့ ရတယ်။ အဲတော့ ခုနကလို ပြဿနာမျိုးတွေကတော့ ဒီအောက်ခြေ အဆင့်အထိ ရပ်ကျေးကော်မရှင်အထိ ဘယ်လောက်ကိုင်တွယ် ဖြေရှင်းနိုင်မလဲ ဆိုတာ ကျွန်တော်တို့ ရွေးကောက်ပွဲ နေ့မှ စောင့်ကြည့်ရမှာပဲ။

 

ရုပ်ပိုင်း ဆိုင်ရာတွေနဲ့ ပတ်သက်ပြီးတော့ မဲပေးတဲ့နေရာမှာ မသန်စွမ်းတွေအတွက် အခက်အခဲ ဖြစ်နေတယ်။ ဆိုတဲ့အခါကျတော့ တကယ့် တကယ်မဲ သွားပေးတော့မယ်လဲ ဆိုတော့ သူ့မှာ ကန့်သတ်ချက်တွေ ဖြစ်နေတယ်။ ဖြစ်တဲ့အခါမှာ မသန်စွမ်းတွေရဲ့ မဲသွား ပေးတဲ့နေရာမှာ သူအခက်အခဲ ဖြစ်နေတဲ့ အတွက် သူမဲပေးလို့ မရဘူး ဆိုရင် သူ့အတွက် ဘာဆိုးကျိုး ဖြစ်လာနိုင်မလဲ။

အဓိကတော့ မဲရုံမှူးတို့ ဒုမဲရုံမှူးတို့ သေသေချာချာ သဘောပေါက်မယ်။ ရပ်ကျေး ကော်မရှင်တွေ သဘောပေါက်မယ်ဆိုရင် ဥပဒေထဲမှာ ပြဌာန်းထားတာ ရှိတယ် မသန်စွမ်းအဖွဲ့တွေ တိုက်တွန်းတဲ့ အတွက် မသန်စွမ်းသူတစ်ဦးဟာ သူကိုယ်တိုင် တံဆိပ်တုံးနှိပ်ဖို့ အတွက် စာဖတ်ဖို့အတွက် အခက်အခဲ ဖြစ်တယ်ဆိုရင် သူရဲ့ မိသားစုဝင် တစ်ဦးဦး ဒါမှမဟုတ်ရင် သူ့စိတ်ကြိုက်ရွေးချယ်ထားတဲ့ ကူညီပေးမယ့်သူ တစ်ဦးကို ဒီလိျှု့ဝှက် ဆန္ဒမဲပေးခန်းထဲ ထိခေါ်သွားပြီး ကျွန်တော် အဲဒါသေချာအောင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ သေချာအောင် စည်းဝေးလုပ်တုန်းက သေချာမေးတယ်။  ခုနကလို မဲလက်မှတ်ထုတ်တဲ့ အချိန်ကနေစပြီးတော့ လှို့ဝှက်မဲပေးခန်းထဲကို သွားတဲ့အချိန် ပြီးတော့ တံဆိပ်တုံး ထုတဲ့ အချိန် ပြီးတော့ မဲလက်မှတ်ကို မဲပုံးထဲကို ထည့်တဲ့အချိန် နောက်ဆုံး လက်သန်းကို မှင်သုတ်ပြီးတော့ ထွက်သွားတဲ့ အချိန်ကို ဒါအကူတစ်ယောက်ကို သူတရားဝင်ခေါ်ခွင့်ရှိတယ်။ ဒါဥပဒေထဲမှာ ပြဌာန်းထားတာပေါ့နော်။

အဲတော့ ဒီအရာကတော့ သူ့မသန်စွမ်းမှု အမျိုးအစားပေါ် မှုတည်ပြီးတော့ အကူခေါ်လို့ရတာပေါ့။ ပြီးတော့ ကျွန်တော်လို လူမျိုးဆိုရင် ချိုင်းထောက်နဲ့ သွားနိုင်တယ် ဆိုရင် အကူခေါ်စရာ မလိုဘူး။ တံဆိပ်တုံးလဲ ကိုယ်ဘာကိုယ် ထုနိုင်တယ်ပေါ့နော်။ ခုနက မျက်မမြင် ဆိုရင် တံဆိပ်တုံး ထုဖို့ အခက်ခဲ ဖြစ်မယ်။ ခုနကလို သူငယ်နာ အကြောဆွဲလို့ပေါ့နော်။ နည်းနည်း အကြောဆွဲနေတဲ့သူ လက်မငြိမ်တဲ့သူဆို တံဆိပ်တုံး ထုဖို့ အခက်ခဲ ဖြစ်မယ်။ အဲလို လူမျိုးဆိုရင် သူ့မိသားစုဝင်ထဲက တစ်ဦး ဒါမှမဟုတ်ရင် သူ့စိတ်ကြိုက်ရွေးချယ်ထားတဲ့ သူတစ်ဦးကို ကျွန်တော်တို့ မဲပေးတဲ့ Process  အဆင့်ဆင့်ပေါ့နော်။ အဲအဆင့်ဆင့်မှာ သူခေါ်ပြီးတော့ ကူညီခိုင်းလို့ ရပါတယ်။

 

ဒါကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်မေးခဲ့တာပေါ့နော်။ ကျွန်တော်ထင်ပါတယ်။ ဒီရွေးကောက်ပွဲတင် မဟုတ်ဘဲနဲ့ ဒီငါးနှစ်မှ တစ်ခါလုပ်တဲ့ ရွေးကောက်ပွဲတောင် ဒါလိုအပ်ချက်တွေ ရှိနေပြီ ဆိုတဲ့ အခါကျတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကြည့်ရင် ခရီးသွားတာပဲ ဖြစ်ဖြစ် ပလပ်ဖောင်းတွေ လုပ်ထားတာပဲ ဖြစ်ဖြစ် မသန်စွမ်းတွေအတွက် အများကြီး အခက်အခဲ ဖြစ်နေတဲ့ အနေထားကို တွေ့နေရတယ်ပေါ့နော်။ ဆိုတဲ့အခါမှာ ဆရာအနေနဲ့ အစိုးရကိုဘဲ ဖြစ်ဖြစ် မြို့ပြဖွံ့ဖြိုးရေး လုပ်တဲ့ပုဂ္ဂိုလ်တွေကိုပဲဖြစဖြစ် ဘာများ ပြောချင်ပါလဲ ခင်ဗျာ။

ဟုတ်ကဲ့ အခုရန်ကုန်မြို့က ပလက်ဖောင်းတွေကိုပဲ ကျွန်တော် နမူနာထားပြီး ပြောပြမယ်။ တစ်ချို့ပလက်ဖောင်းတွေ ဒါစီမံကိန်းအရပေါ့ မြန်မာနိုင်ငံကနေ UNCRPD (မသန်စွမ်းသူအခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ်) ကို လက်မှတ်ထိုးထားတော့ တစ်ချို့ ထောက်ပံ့ငွေတွေရတော့ ပလက်ဖောင်းတွေကို ပြင်ကြတယ် ထင်ပါတယ်။ နောက်ပြီးတော့ မသန်စွမ်း အဖွဲ့တွေရဲ့ တိုက်တွန်းမှုကြောင့််ပေါ့နော်။ အဲတော့ ပလပ်ဖောင်းတွေဟာ ဝှီးချဲတက်လို့ ရအောင် လျှောစောက်တော့ လုပ်ပေးတယ်။ ဒါပေမယ့် လျှောစောက်က မသန်စွမ်းသူ မပြောနဲ့ သန်စွမ်းသူ တက်ဖို့ တောင် တော်တော်မြင့်နေတဲ့ လျှောစောက်တွေပေါ့။ ဒါဟာ အခြေခံကျတဲ့ ဥစ္စာပေါ့။

 

တစ်ခုကျွန်တော် ဖြည့်ပြောချင်တာက ဆရာခုနကပြောတဲ့ ဥပဒေတွေထဲမှာ မသန်စွမ်းတွေရဲ့ အခွင့်အရေးတွေကို ဖြည့််စွက်ပြီးတော့ ထည့်ပေးရမယ်လို့ ပြောတယ်။ ဒါပေမယ့် မဲပေးတဲ့ နေရာမှာ မသန်စွမ်းတွေဟာ မဲသွားပေးလို့မရတဲ့ အနေထားထိ ကြုံနေရတယ်။ နောက်တစ်ခုက ဆရာမိတ်ဆွေထဲမှာလည်း ရှိကောင်းရှိပါလိမ့်မယ်။ မဲသွားပေးချင်ပေမယ်လို့ သူတို့မှာ အခက်ခဲ အများကြီး ရှိတာမျိုးပေါ့။ အဓိက ဒီအခါမှာ ရွေးကောက်ပွဲ Focus  လေးကိုကြည့်ပြီးတော့ ရွေးကောက်ပွဲ ကော်မရှင်ကို ဘာများပြောချင်ပါလဲ ခင်ဗျာ။

အဓိက ကတော့သူတို့က ကိုယ်စားလှယ်လောင်းတွေပေါ့။ ကျွန်တော်တို့ ၂၀၁၂ ကနေ ကျွန်တော်ဆိုရင် ၂၀၁၅ အတွင်းကို ဒီမသန်စွမ်းသူတွေ ပညာသင်ကြားခွင့် ရနိုင်ရေးအတွက် လူတိုင်းအကြုံးဝင် ပညာရေးပေါ့နော်။ အမျိုးသားပညာရေး မူဝါဒမှာ ပါဝင်လာအောင် ကျွန်တော် တိုက်တွန်းခဲ့တယ်။ ခဏခဏ လွှတ်တော် အမတ်တွေနဲ့ တွေ့ရတယ်ပေါ့နော်။ အဲဒီတော့ လွှတ်တော်အမတ်တွေ တော်တော်များများက ဒီမသန်စွမ်း အမြင်သစ်ကို သူတို့ သဘော မပေါက်ကြဘူး။ သူတို့ရဲ့ အမြင်က ခုနကလိုပေါ့နော် လွှတ်တော် အမတ်တွေမှ မဟုတ်ဘူး။ ဒီအစိုးရ အရာရှိကြီးတွေ၊ ညွှန်မှူးတွေ၊ ညွှန်ချုပ်ကြီးတွေကအစ သူတို့ကဘာလဲ ဆိုတော့ မသန်စွမ်းသူတွေကို သနားကရုဏာ အကြည့်နဲ့ပဲ ကြည့်နေတာ။ အဲဒီဟာ အမြင်ဟောင်းဗျ ကျွန်တော်တို့ ဒါသနားကရုဏာ မဟုတ်ဘူး လူသားတစ်ဦး ဖြစ်တဲ့ အတွက် နိုင်ငံသား တစ်ဦး ဖြစ်တဲ့ အတွက် လူ့အခွင့်ရေးဆိုတာ ရှိတယ်။ နိုင်ငံသား အခွင့်ရေးဆိုတာ ရှိတယ်။ အဲတာကို သူတို့သနားမှ ရတာ မဟုတ်ဘူး။

 

ဆရာလဲ သိတဲ့တိုင်းပါပဲ ဒီရွေးကောက်ပွဲဟာ မဲစာရင်းတွေ တော်တော်များများ မှားနေတယ်။ နောက်တစ်ခုက ခုနက ဆရာပြောသွားတဲ့ အထဲမှာ မသန်စွမ်းတွေအတွက် ထည့်သွင်း စဉ်းစားတာ မရှိဘူး။ မဲရုံတွေမှာ ဆိုတဲ့အခါကျတော့ ရွေးကောက်ပွဲ ကော်မရှင်ကိုရော ဒီမသန်စွမ်းတွေကို ကျွန်တော်တို့တော့ မဲပေးချင်တယ်။ မဲပေးချင်တဲ့ ဆရာ့မိတ်ဆွေ အပေါင်းသင်းတွေလည်း ရှိကောင်း ရှိမှာပေါ့နော်။ ဒီလူတွေကိုအဆင်ပြေအောင် ဘယ်လိုမျိုးလုပ်ပေးသင့်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကို ဆရာ ပြောချင်ပါလဲ။

အဓိကကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ မသန်စွမ်း ရှေ့ဆောင်အဖွဲ့တွေက မသန်းစွမ်းတွေအတွက် စံပြမဲရုံ ၈ ရုံတင်ထားတယ်ပြောတယ်။ အဲတော့ နောက်ဆုံး UEC  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အစည်းဝေးမှာ မသန်စွမ်းသူတွေအတွက် စံပြမဲရုံ ၅ ရုံလုပ်မယ်လို့ ပြောတယ်။ တစ်နိုင်ငံလုံး အတိုင်းတာအရဆို အရမ်းနည်းတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ သန်းခေါင် စာရင်းအရဆိုရင် မသန်စွမ်းက ၂.၃ သန်း နှစ်ဆယ့်သုံးသိန်းရှိတယ်ပေါ့။ ဒါဟာ တစ်ချို့ မရတဲ့ ဒေသတွေကဆိုရင် WHO က ခန့်မှန်းထားတာတော ၁၀%  လောက်ရှိမယ်လို့ ခန့်မှန်းထားတယ်။ အဲတော့ ဒီတစ်နိုင်ငံလုံး အတိုင်းတာနဲ့ ခုနကပြောတဲ့ ၂.၃ သန်းပဲ စဉ်းစားကြည့် စံပြမဲရုံ ၅ရုံဆိုတာ ဘယ်လိုမှ မလုံလောက်နိုင်ဘူး။

အဲတော့ ခုနကပြောတော့ ပြောတယ်။ ခုနက တစ်ချို့အရာတွေ အကောင်အထည်ဖော်တဲ့ အခါမှာ ဥပဒေထဲမှာ ပါရုံနဲ့ ကျွန်တော်တို့က မပြီးသေးဘူး။ အကောင်အထည် ဖော်တဲ့အခါမှာ ဘတ်ဂျက်ခွဲဝေတဲ့အခါမှာ ကျွန်တော်တို့အတွက် သပ်သပ်စဉ်းစားရမယ်။ ဒါကို အထူးအခွင့်အရေးနဲ့ စဉ်းစားရမှာ မဟုတ်ဘူး။ တန်းတူအခွင့်အရေးအရ ကျွန်တော်တို့ကို စဉ်းစားရမယ်။ သက်ကြီးရွယ်အိုတွေ အတွက် စဉ်းစားရမယ်။ နောက်ကြိုတင်မဲကို ဆေးရုံသွားကောက်ဖို့အတွက် အဲလိုမျိုးပေါ့ ဒါ ဘယ်လို အကောင်အထည်ဖော်မလဲဆိုတဲ့ စီမံခန့်ခွဲမှုကို သူတို့ အစကတည်းက ချထားရမယ်။ ဒီအတွက်လည်း ဘတ်ဂျက်ကို သေသေချာချာ ပြင်ဆင်ထားရမယ်ပေါ့နော်။ အဲတော့ သူတို့ ဘယ်လိုပဲ ဖြစ်ဖြစ် စီမံခန့်ခွဲမှု အပိုင်းမှာ အားနည်းလို့ ဒီအရာ ခုနကလို မဲစာရင်းတွေ မှားတဲ့ ကိစ္စတွေ ကွန်ပျုတာ မှားယွင်းမှုတွေ ဒါတွေ ဒါပွင့်ပွင့်လင်းလင်း ဝန်ခံရမယ်။ ကျွန်တော်တို့ ဆက်ပြီး ကြိုးစားရမယ်ဆိုတဲ့ ဘာပဲဖြစ်ဖြစ် သူတို့ ဒါ ပြန်ပြီးတော့ သတိပေးရမှာပေါ့နော်။ ကျွန်တော်တို့ မသန်စွမ်းသူတွေအတွက်ကတော့ အဆင်ပြေမယ်လို့ ကျွန်တော် သိပ်ပြီး မမျှော်လင့်ဘူး။ ဒီမဲရုံ ၅ရုံနဲ့ ဒီရွေးကောက်ပွဲမှာ မသန်စွမ်းတွေ Inclusive  ဖြစ်တယ်လို့ ပြောလို့ မရဘူးပေါ့နော်။ ဟုတ်ကဲ့ စံပြမဲရုံကို ပြောတာပါ။

 

လွတ်တော်အမတ်တွေဆိုလို့ ဒီ ၂၀၁၀ ရွေးကောက်ပွဲကနေ တက်သွားတဲ့အမတ်တွေပဲ ဖြစ်ဖြစ်၊ ဒီ ၂၀၁၅ မှာ တက်လာမယ့် လွတ်တော်အမတ်တွေပဲဖြစ်ဖြစ်၊ ကျွန်တော်လေ့လာကြည့်သလောက်က တော့ ဒီ မသန်းစွမ်းတွေ ပါဝင်မှုအရမ်းကို အားနည်းတယ်လို့တွေ့ရတယ်။ ကျွန်တော်ထင်တာကတော့ ဒီမသန်စွမ်းတွေဟာ သူလွှတ်တော်ရောက်သွားတယ်ဆိုရင် သူက မသန်စွမ်းရဲ့အခွင့်အရေးကို သူက ကိုယ်တိုင် ကာယကံရှင်ဖြစ်တဲ့အခါကျတော့ သူသေသေချာချာကို တင်ပြနိုင်မယ်ပေ့ါနော်။ ဒီ ၂၀၁၀ ရွေးကောက်ပွဲကိုပဲ ပြန်ကြည့်ကြည့်၊ ဒီ လာမယ့် ရွေးကောက်ပွဲကိုပဲ ပြန်ကြည့်ကြည့် ဒီပုဂ္ဂိုလ်များတွေ နိုင်ငံရေးဦးဆောင်ကဏ္ဍမှာ ပါဝင်တာမတွေ့ရဘူး။ ဆရာအနေနဲ့ကော ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာများ ဖြည့်ချင်သလဲ။

တစ်ချို့မသန်စွမ်းသူတွေ တစ်ဦးစနှစ်ဦးစ ဒီရွေးကောက်ပွဲမှာ အမတ်လောင်းကိုယ်စား အဖြစ်ပါဝင်လာပါလိမ့်မယ်။ ဒါပေမယ့် အဲလိုမျိုးပဲ တစ်ချို့မြို့နယ်တွေမှာ ကျွန်တော်တို့ ကြားရတဲ့ သတင်းတွေရှိတယ်။ မသန်စွမ်းသူလွတ်တော်အမတ်လောင်းအဖြစ်တင်တယ်။ လူငယ်တစ်ယောက်ဆို ရင် ဘွဲ့နှစ်ဘွဲ့ရထားတယ်။ ဒါပေမဲ့အမတ်လောင်းကနေပြီးတော့ သူပြုတ်သွာတယ်၊ မြို့ထဲက တင်တယ် ပြုတ်သွားတယ်ပေ့ါဗျာ၊ ပြုတ်သွားတယ်ဆိုတော့ အခုနက ဘာကြောင့် ပြုတ်သွားလဲဆို တော့ သူက မသန်စွမ်းမှုဖြစ်နေလို့တဲ့။ ခြေထောက်က ကျွန်တော့်လောက်အခြေအနေမဆိုးဘူး ခြေထောက်တစ်ဖက် ပိုလီယိုပဲပေ့ါ အဲလိုမျိုးဆိုတော့ ကျွန်တော်တို့ ဒီမသန်စွမ်းအဖွဲ့ထဲမှာ တော်တော် လေးကို စိတ်မကောင်းဖြစ်ကြတယ်။ ဒီကိစ္စက သူ့မှာ ဒီလူငယ်တစ်ယောက်က မြို့နယ်ကလည်း အများကြီးထောက်ခံတယ်။ ပြီးတော့ ဘွဲ့ကလည်း နှစ်ခုရထားတယ်။ ပညာလည်း တတ်တယ်၊ လူငယ် ခေါင်းဆောင်လည်းဖြစ်တယ် ရပ်ရွာမှာ အခုနလို မသန်းစွမ်းဖြစ်တယ်ဆိုတဲ့အတွက်ကြောင့် အမတ်လောင်း စာရင်းကနေပြန်ပယ်ခံရတဲ့ကိစ္စမျိုးက ဒါကျွန်တော်တို့ကို ခွဲခြားဆက်ဆံလို့ပဲ။

 

ကျွန်တော်တို့ နောက်ကို နည်းနည်းလေးပြန်သွားရအောင်၊ အခုနဆရာပြောတဲ့အထဲမှာက ဒါရေရှည် သွားရမယ့်ကိစ္စတွေ ဥပဒေပြဌာန်းချက်တွေကို မသန်စွမ်းတွေအတွက် မြှင့်တင်ပေးရမယ်။ ပြီးလို့ရှိရှင် ဒီလူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်ရမယ်ပေါ့နော်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲကိုပဲ ပြန်ပြီးတော့ ကြည့်မယ်ဆိုရင် ဆရာတို့အနေနဲ့ အများကြီးကို တော်တော်ခက်ခဲဖြစ်မယ်။ ဆိုတော့ ရွေးကောက်ပွဲကော်မရှင်ကို နောက်ဆုံးမေးခွန်းအနေနဲ့ ဆရာဘာများ ပြောချင်လဲ။

အဓိကက ကျွန်တော်တို့က ဒီ မသန်စွမ်းသူတွေတစ်ဝက်လောက်က ပညာမတတ်တာများတယ်။ ပညာမတတ်ဘူးဆိုတာ စာရေးစာဖတ် ကကြီးခခွေးတောင်မရေးတတ်တဲ့သူတွေချည်းပဲ။ ကျွန်တော်တို့ ကောက်ထားတဲ့စာရင်းအရပေ့ါနော်။ အဲ့ဒီတေ့ာ လူဦးရေ ၂.၄ သန်းဟာ မသန်စွမ်း၊ ၁.၂ သန်းက လုံး၀ စာမတတ်တဲ့သူတွေ၊ စာမတတ်ရင် သူကဘာဖြစ်လဲဆိုတော့ မသန်စွမ်းတွေကို အိမ်ထဲမှာ ထားတာများတယ် မိသားစုတွေကပေ့ါနော်။ နောက်ဘေးအန္တရာယ်ဖြစ်မှာလဲ စိုးရိမ်တယ်။ သူတို့ တော်တော်များများက မှတ်ပုံတင်မရှိကြဘူး။ မှတ်ပုံတင်မရှိလို့ တစ်ခါတစ်လေကျရင် သန်ခေါင်စာရင်း ထဲမပါတာမျိုးဖြစ်နေတတ်တယ်။ အဲဒီတော့ အခုနက မဲစာရင်းမှာဘယ်လိုပဲဖြစ်ဖြစ်၊ ပြုတ်ကျန်ခဲ့မှာပဲ ပေ့ါနော်။

အဲဒီတော့ အခုနကလို ဒီ သန်စွမ်းသူတွေ မဲစာရင်းမပါတဲ့ကိစ္စတောင် ဒီလောက်ဖြစ်နေရင် မသန်စွမ်းသူတွေ မဲစာရင်းမပါတဲ့ကိစ္စက တစ်တိုင်းပြည်လုံးအနှံမှာ ဖြစ်နေမှာပဲပေါ့နော်။ ကျွန်တော်တို့ အဖွဲ့အစည်းတွေ နောက် အခုဝင်နေတဲ့ နိုင်ငံရေးပါတီတွေပေ့ါ ရွေးကောက်ပွဲကော်မရှင်လုပ်ရမယ့်အလုပ်ကို ကျွန်တော်တို့က ဝိုင်းလုပ်ပေးနေတာ။ အမှန်က ပြောရရင် ဒါကျွန်တော်တို့အလုပ်မဟုတ်ဘူးပေ့ါနော်။ ကျွန်တော်တို့ မတတ်သာလို့ မီဒီယာဆိုလည်း ဝိုင်းလုပ်ပေးနေကြတာပေ့ါနော်။ အဲဒီတော့ အခုကျွန်တော်တို့ နမူနာပဲပြောမယ်။ အခုနလို မသန်စွမ်း အဖွဲ့အစည်းတွေက တင်ထားတာ မဲရုံက ၈ ရုံ၊ ရွေးကောက်ပွဲ ကော်မရှင်က ၅ ရုံးချပေးမယ်လို့ပြော တယ်။ ဒါပေမဲ့ အခုထက်ထိ ဘယ်နေရာမှာ ၅ ရုံချပေးတဲ့ ဥစ္စာကို အခုထက်ထိ မထွက်လာသေးဘူး။ အဲဒါ ရွေးကောက်ပွဲက ဘယ်လောက်လိုနေပြီးလဲပေ့ါနော်။ အဲဒီတော့ ဒီမသန်စွမ်းသူတွေကို စံပြမဲရုံ ၅ ရုံပဲ တစ်နိုင်ငံလုံးမှ ၅ ရုံလောက်ပဲ လုပ်တဲ့ကိစ္စ အဲ ၅ ရုံလောက်ကို တောင်မှ အခုချိန်အထိ ဘယ်နေရာမှာ လုပ်မယ်ဆိုတဲ့ဥစ္စာကို ခိုင်ခိုင်မာမာ မကြေညာနိုင်သေးဘူး ဆိုတော့ ဒါဘယ်လောက် စီမံခန့်ခွဲမှု ညံ့ဖျင်းသလဲဆိုတာ ပြနေပြီပေ့ါနော်။ 

 

နောက်ဆုံးမေးခွန်းပါပဲ။ ကျွန်တော်တို့ ရွေးကောက်ပွဲလည်း စတော့မယ်ဆိုတဲ့အခါကျတော့ ကော်မရှင်၊ ဒါမှမဟုတ်လို့ရှိရင် ရပ်ကျေးကော်မရှင်အနေနဲ့ မဲရုံဆောက်တဲ့အခါမှာ မသန်စွမ်းတွေအတွက် ဘယ်လိုမျိုး ဖြစ်မယ်ဆိုတာ မက်ဆေ့လေး ပေးပေးပါဦး။

ဒီဒုမဲရုံမှူးဆိုတာဟာ ဆရာတွေ ဆရာမတွေ တော်တော်များများ ဖြစ်ကြတယ်။ အဲဒီတော့ သူတို့ကိုယ်တိုင်က လုပ်ပေးချင်တဲ့စိတ် ရှိရင်တောင်မှ အခုနကလို အထက်ကနေပြီးတော့ အမိန့်တွေ ကြေညာချက်တွေ လာဦးမှာ၊ ပြီးတော့ ဒီဟာတွေ လာရုံတွင်မကဘူး ဘဏ္ဍာငွေကိုပါသီးသန့် အပိုင်းတစ်ပိုင်းအတွက် မသန်စွမ်းတွေကို ဒီမဲရုံပြင်ဆင်ဖို့ အတွက် ချပေးမှ ဒါပိုပြီးအဆင်ပြေမယ်။ နို့မို့ဆိုရင် အခုနဟာလို လုပ်ထုံးလုပ်နည်းတွေမှာတော့ ပါတယ်ပေါ့နော်။ ဒါပေမဲ့ မဲရုံမှူးတွေ ဒုမဲရုံမှူးတွေ ရပ်ကျေးကော်မရှင်တွေက ပိုက်ဆံမရှိရင်လေ ဘာလုပ်မလဲပေ့ါနော်။

နောက်ပြီးတော့ သင်တန်းတွေပေးတဲ့အခါမှာလဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က  သေသေချာချာ သင်တန်းပေးဖို့လိုတယ်။ အဲဒါ သူတို့ သင်တန်းကလည်း ဘယ်လောက်ထိရောက်လဲဆိုတာလဲ ကျွန်တော်တို့ ရွေးကောက်ပွဲနေ့မှာပဲ စောင့်ကြည့်ရမှာပေ့ါနော်။

အဲဒီတော့ အခုနလို မဲရုံတွေ တည်ဆောက်တဲ့ အခါမှာ ဝှီးချဲသမားတွေ ချိုင်းထောက်သမားတွေ၊ မျက်မမြင်တွေ သွားသာတဲ့ လမ်းဖြစ်ဖို့အတွက်ပေ့ါ နော် နေရာအကျယ်အဝန်းရှိရမယ် သတ်မှတ်ချက်တွေပါလာတယ်။ ဝှီးချဲဝင်ထွက်နိုင်တဲ့ လမ်းမျိုး ဖြစ်ရမယ်လို့ပါလာတယ်။ နောက် ဆင်ခြေလျှောတွေ ထားပေးရမယ်ပေ့ါ။ တက်ဖို့ဆင်းဖို့အတွက်ပေ့ါနော်။ ဒါပေမဲ့ ဆရာသိတဲ့အတိုင်းပဲ ကျွန်တော်တို့ မြန်မာနိုင်ငံက အဆောက်အအုံ တော်တော်ကြီးကို အားနည်းတယ်။ အဲဒီတော့ အခုနလို ရန်ပုံငွေ ခွဲတမ်းတစ်ခုမရှိပဲနဲ့ အခုလုပ်ယူမယ်ဆိုရင် တစ်ချို့က လုပ်လု့ိရတယ်။ ကျွန်တော်ထင်တာကတော့ ဒီဘဏ္ဍာရေးစီမံခန့်ခွဲမှုကလည်း တစ်ချို့အပိုင်းတွေ လိုတယ်လို့ထင်တယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required