ဘောလုံးအားကစားအစီစဉ် ကို ကျောင်းသားမိဘ ၊ပြည်သူပြည်သား အားလုံး ကူညီပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ

ဘောလုံးအားကစားအစီစဉ် ကို ကျောင်းသားမိဘ ၊ပြည်သူပြည်သား အားလုံး ကူညီပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည် မေတ္တာရပ်ခံ

ဇန်နဝါရီလ ၃၁။                 ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် FIFA Football for Schools Program ဖွင့်ပွဲကို  တက်ရောက်ခဲ့ပြီး မိန့်ခွန်း ပြောကြားခဲ့ရာတွင် “ကျောင်းတွေအတွက်ဘော လုံးအစီစဉ်ကို တက်နိုင်တဲ့ဘက်က ကျွန်မတို့အစိုးရအဖွဲ့ကနေ ပံ့ပိုးကူညီပေးပါမယ်။

အောင်မြင်အောင်လို့အားလုံးဝိုင်းဝန်းကြိုးစားပေးပါ။အားကစားသမားလေး တွေသာမက ကျောင်းက ဆရာ၊ဆရာမ တွေ၊မိဘများ ၊ ကျောင်းသား မိဘများမဟုတ်တဲ့ ကျွန်မတို့ရဲ့ပြည်သူပြည်သား ရပ်မိရပ်ဖ များ အားလုံးဝိုင်း ဝန်းကူညီပေးပါ။ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင် ပါတယ် “ ဟု ပြောဆိုခဲ့သည်။

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက် ခဲ့သည့် FIFA Football for Schools Programဖွင့်ပွဲကို ဇန်နဝါရီလ ၃၁ရက်နေ့ ညနေပိုင်းအချိန်က ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း အနီး ရှိမြန်မာ အမျိုးသား ဘောလုံးအကယ်ဒမီ မြက်ခင်းတုကွင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးအနှံ့ရှိအခြေခံပညာကျောင်းများတွင် လုပ်ဆောင်သွားမည့် FIFA Football for Schools Programကို ၁၀နှစ်ကြာစီမံကိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကာကျန်းမာရေးနှင့် ကစားဝန်ကြီးဌာနမှ ကျောင်းများရှိ အားကစားကွင်းများ ပြန်လည်ဖော်ပေးသွားမည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနမှလည်း ကာယချိန်များ၌ အားကစားကို စနစ်တကျသင်ကြားပေးမှုများ ရှိလာစေရန်အပြည့်အ၀ ထောက်ပံ့ကူ ညီပေးသွား မည်ဖြစ် ကြောင်း သိရသည်။ အဆိုပါအစီအစဉ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ၏လမ်းညွန်းလမ်းမှုများအတိုင်း လုပ်ဆောင်သွားရမည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ကျန်းမာရေးနှင့် ကစားဝန်ကြီးဌာန၊ ပညာရေး ဝန်ကြီးဌာနတို့ နှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်သည်။

“ နည်းပြ ဆရာတစ်ယောက်ကပြောပါတယ် ပြဿနာတစ်ခုကအချိန်မလုံလောက်ပါဘူးတဲ့။ကျောင်းက ကလေးတွေကို ဘောလုံးလေ့ကျင့်ပေးဖို့ တစ်ဖက်မှလည်းကျောင်းသားကျောင်းသူတွေက သင်ရိုးညွှန်တမ်းကို ပြီးအောင် သင်နိုင်ဖို့ကို ကြိုးစားရတယ်။ တစ်ဖက်မှလည်း ကျောင်းခန်းထဲမှမဟုတ်တဲ့ကိစ္စတွေ အကျင့်စာရိတ္ထာ ၊စိတ်ဓာတ် အတွက် အချိန်ပေးဖို့ကြိုးစားရပါတယ်။ ဒီဟာကို ပညာရေးဝန်ကြီးဌာန နဲ့ ညှိနှိုင်းဆွေးနွေးပြီး ဖြစ်အောင် လုပ် ပါမယ်လို့ကျွန်မက ပြောလိုက်ပါတယ်။ ဖြစ်အောင်လုပ်ရမယ့်ကိစ္စပါ။ ကျောင်းတိုင်းကျောင်းတိုင်းမလုပ်နိုင်ရင်တောင် အချို့ကျောင်းတွေကို အစမ်းသဘောမျိုးနဲ့လုပ်ပြီးတော့ ဘယ်လောက်ထိအောင်မြင်မှုရနိုင်သလဲဆိုတာ ကိုကြိုးစားရမှဖြစ်ပါတယ် “ ဟု ဆက်လက်ပြီးနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို  FIFA Football for Schools Programကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ အဖွဲ့ဝင်နိုင်ငံ ၂၁၁နိုင်ငံတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ပထမဆုံး လုပ်ဆောင်ခွင့်ရခြင်းဖြစ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်( ဖီဖာ)က ကျန်အဖွဲ့ဝင် နိုင်ငံများကို လာမည့် မတ်လမှ အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်း မိတ်ဆက်မှုများကို စတင်ပြုလုပ်သွားမည်ဖြစ်သည်။

 မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ကို ဖီဖာက ဘောလုံးများ လှူဒါန်ခြင်း၊ နည်းပြသင်တန်းများပေးခြင်း နှင့် ကာယဆရာများကို အထောက်ပံ့ဖြစ်စေမည့် ဘောလုံးနည်းစနစ်ပိုင်းဆိုင်ရာ မိုဘိုင်း အပလီကေးရှင်းများ အစရှိသည့် တို့ကို အဓိက ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ထံမှသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly