တောမီးအခြေအနေဆိုးရွားလာနိုင်၍ ကင်ဘာရာတွင် အရေးပေါ်အခြေအနေကြေညာ

တောမီးအခြေအနေဆိုးရွားလာနိုင်၍ ကင်ဘာရာတွင် အရေးပေါ်အခြေအနေကြေညာ

ဆစ်ဒနီ၊ ဇန်နဝါရီ ၃၁ ။                ။ ဩစတြေးလျမှာ လာမည့်ရက်များအတွင်း အပူလှိုင်းများ ထပ်မံကျရောက်နိုင်ဖွယ်ရှိနေပြီး   လူဦးရေ ၄ သိန်းခန့်နေထိုင်တဲ့ မြို့တော် ကင်ဘာရာရဲ့တောင်ဘက် ဆင်ခြေဖုံးရပ်ကွက်များ၌ တောမီးဒဏ်ခံရနိုင်တာကြောင့် မြို့အာဏာပိုင်တွေက နှစ်ပေါင်း ၂၀ နီးပါးအတွင်း ပထမဆုံးအကြိမ် အရေးပေါ်အခြေအနေတစ်ရပ်ကို  ဇန်နဝါရီ ၃၁ ရက်က ကြေညာခဲ့သည်။

ဩစတြေးလျမြို့တော်နယ်မြေဒေသဝန်ကြီးချုပ် Andrew Barr က “တောမီးက ထိန်းမနိုင်သိမ်းမရဖြစ်လာနိုင်ပါတယ်၊ မြို့တော်နယ်မြေဒေသကလူတွေကို ကိုယ့်ကိုယ်ကို ကာကွယ်ကြဖို့ အရေးပေါ်အခြေအနေတစ်ရပ် ထုတ်ပြန်လိုက်တာပါ၊ ကင်ဘာရာမြို့ အန္တရာယ် ရှိ နေ သေးသရွေ့ ဒီကြေညာချက်က အသက်ဝင်နေမှာပါ” လို့ ပြောသည်။

ဩစတြေးလျတောင်ပိုင်း၌ ဇန်နဝါရီ ၃၀ ရက်က အပူချိန်မှာ ၄၀ ဒီကရီဆဲလ်စီးယပ်စ် အထက်ရှိခဲ့ပြီး တောမီးသင့်လေ့ရှိတဲ့ ဒေသများတွင် မီးဘေးအန္တရာယ်ရှိတဲ့ရာသီဥတုအဖြစ် သတိပေးချက်တွေ ထုတ်ပြန်ခဲ့သည်။ဇန်နဝါရီ ၃၁ နှောင်းပိုင်းမှာလည်း မဲလ်ဘုန်းနဲ့ ကင်ဘာရာမြို့တွေမှာ အပူလှိုင်းကျရောက်နိုင်သည်ဟု သတိပေးထားသည်။

လေပြင်းထန်ပြီး အပူချိန်မြင့်မားတဲ့အတွက်ကြောင့် တောမီးပေါင်း ၈၀ ကျော်ခန့်လောင်ကျွမ်းလျက်ရှိရာ နယူးဆောက်ဝေးနှင့် ဗစ်တိုးရီးယားပြည်နယ်တို့၌ တောမီးအခြေအနေ ဆိုးရွားလာနိုင်တယ်ဟု အာဏာပိုင်တွေက ပြော ပါသည်။အပူလှိုင်းကျရောက်ပြီးပါက နောက်ဆက်တွဲအနေဖြင့် မုန်တိုင်း တိုက်ခတ်လာနိုင်မယ်လို့မျှော်လင့်ရပြီး မိုးမုန်တိုင်းကြောင့် တောမီးလျော့ပါးစေနိုင်သလို ရေကြီးမှုများလည်း ဖြစ်ပေါ်လာနိုင်သည်။

ဩစတြေးလျတောမီးကြောင့် ယနေ့အချိန်ထိ သေဆုံးသူ ၃၃ ဦးရှိပြီဖြစ်သည်။ ပြည်သူများကလည်း ရာသီဥတုပြောင်းလဲမှုအပေါ် ချက်ချင်းအရေးတယူဆောင်ရွက်ဖို့ ကွန်ဆာဗေးတစ်အစိုးရကို တောင်းဆိုခဲ့ကြပြီး ကျောက်မီးသွေးအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့ ဝန်ကြီးချုပ် မောရစ်ဆင်ကို ဆန္ဒပြခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required