ဝူဟန် ဗိုင်းရပ်စ် သံသယရှိ တရုတ်နိုင်ငံသား လူနာအား ဝေဘာဂီဆေးရုံတွင် စစ်ဆေးမှုများ စတင်ပြုလုပ်နေ

ဝူဟန် ဗိုင်းရပ်စ် သံသယရှိ တရုတ်နိုင်ငံသား လူနာအား ဝေဘာဂီဆေးရုံတွင် စစ်ဆေးမှုများ စတင်ပြုလုပ်နေ
photo- Aung Kyaw Zaw

ဇန်နဝါရီ ၃၁ ။          ။ ယနေ့နေ့လည်ပိုင်းက တရုတ်နိုင်ငံမှ ရန်ကုန်မြို့သို့ ဆိုက်ရောက်လာသည့် ခရီးသည်တင် လေယာဉ်တစ်စီးပေါ်တွင် ဝူဟန်ဗိုင်းရပ်စ် သံသယရှိ လူနာတစ်ဦး ပါဝင်လာသည့်အတွက် ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် ရှိ ဝေဘာဂီ ဆေးရုံသို့ ပို့ဆောင်ပြီး ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှအတည်ပြုသည်။

 ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက " လေယာဉ်ပေါ်မှာပါတဲ့ သံသယရှိလူနာနှင့်အတူလိုက်ပါစီးနင်းလာတဲ့ခရီးသည်တွေကို close contact အဖြစ်သတ်မှတ်ပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်မယ်။"ဟုပြောသည်။

Photo- Aung Kyaw Zaw

အဆိုပါ ခရီးသည် အနေနဲ့ တရုတ်ပြည်နယ်၊ ဟူနန်ပြည်နယ် တွင် နေထိုင်တဲ့ အသက် ၆၀ နှစ် အရွယ် အမျိုးသား တစ်ဦး ဖြစ်ပြီး ချောင်းဆိုး၊ နှာစေးခြင်း နဲ့ အသက်ရှုလမ်းကြောင်း ဝေဒနာ လက္ခဏာများ ခံစားနေရသည်ဟု သိရသည်။

ယင်းလေယာဉ်အား တရုတ်နိုင်ငံသား လေယာဉ်မှူးနှင့်အတူ   လေယာဉ်အမှုထမ်း(၇)ဦးလိုက်ပါမောင်းနှင် ခဲ့သည်။ ခရီးသည်များမှာ  အမေရိကန်နိုင်ငံသား (၂)ဦး၊ ပြင်သစ်နိုင်ငံသား (၂)ဦး၊ ကိုလံဘီယာနိုင်ငံသား (၁)ဦး၊ တရုတ်နိုင်ငံသား (၇၂)ဦး၊ လေယာဉ် အမှုထမ်းများအပါအဝင် နိုင်ငံခြားသား (၈၄)ဦးနှင့် မြန်မာနိုင်ငံသား (၂)ဦး၊ စုစုပေါင်း(၈၆)ဦး တို့ပါရှိလာကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required