ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် WHO ကြေညာ

ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် WHO ကြေညာ
Photos: AFP

ဇန်နဝါရီ ၃၁ ။        ။ တရုတ်နိုင်ငံကနေ စတင်ပျံ့နှံ့ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကုလသမဂ္ဂကျန်းမာရေး အေဂျင်စီဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ဇန်နဝါရီ ၃၀ ရက်မှာ ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

ခုလို သတ်မှတ်ကြေညာလိုက်ပြီဖြစ်တာကြောင့် ဒီ ဗိုင်းရပ်စ်အရေး ကိုင်တွယ်ဖြေရှင်းရေးမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေကို မြှင့်တင်ပေးနိုင်မှာပါ။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

“အားနည်းတဲ့ ကျန်းမာရေးစနစ်တွေကြားမှာ ဒီ ဗိုင်းရပ်စ်ဟာ ကမ္ဘာ့နိုင်ငံတွေဆီ ပျံ့နှံ့သွားဖို့ ဖြစ်နိုင်တာဟာ ကျွန်တော်တို့ အပူပန်အစိုးရိမ်ဆုံး အရေးကိစ္စပဲ ဖြစ်ပါတယ်။”ဆိုပြီး နိုင်ငံတကာစိုးရိမ်ပူပန်မှု အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာချက် ထုတ်ရာမှာ WHO ရဲ့ အကြီးအကဲ တီဒရို့စ်အက်ဟမ်နွမ်ဂီဘရီယက်ဆက်က ပြောပါတယ်။

“ခုလို ကြေညာတာဟာ တရုတ်အပေါ် မယုံကြည်နိုင်လို့ဆိုတာမျိုးတော့ မဟုတ်ပါဘူး။”လို့ ၎င်းက ဆိုပါတယ်။ ဒီဗိုင်းရပ်စ်ကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အားနည်းတဲ့ နိုင်ငံတွေကို ကူညီပေးနိုင်ဖို့ ရည်ရွယ်ပြီး ကြေညာရတာ ဖြစ်ကြောင်း တီဒရို့စ်က အလေးအနက် ပြောပါတယ်။

တရုတ်အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအပေါ် လျင်လျင်မြန်မြန် တုံ့ပြန်ဖြေရှင်းနေတာတွေအတွက်လည်း တီဒရို့စ်က အသိအမှတ်ပြု ချီးကျူးစကားဆိုပါတယ်။

“ဗိုင်းရပ်စ် နောက်ထပ် မပြန့်ပွားအောင် တားဆီးနိုင်ဖို့ ခုကစလို့ ကျွန်တော်တို့ အားလုံး အတူတကွ ဆောင်ရွက်သွားရလိမ့်မယ်။ အားလုံးပူးပေါင်းဆောင်ရွက်မှပဲ ဒီ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ရပ်တန့်နိုင်မှာ ဖြစ်တယ်။”လို့ တီဒရို့စ်က ပြောခဲ့ပါတယ်။

လက်ရှိ တရုတ်နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် အဆိုးဆုံး ဖြစ်ပွားနေတဲ့ ဟူဘေးပြည်နယ်မှာ ဇန်နဝါရီ ၃၁ ရက်က နောက်ထပ် လူ ၄၂ ဦး သေဆုံးတာကြောင့် ဒီ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်းဟာ ၂၁၂ ဦးအထိ ရှိလာပြီး ကူးစက်ခံရသူပေါင်းလည်း ၈၀၀၀ ကျော်ထက်မနည်း ရှိနေတယ်လို့ တရုတ်အစိုးရက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required