ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ဆန့်ကျင့်ဆန္ဒပြတဲ့ ပါလက်စတိုင်းတွေနဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့

ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ဆန့်ကျင့်ဆန္ဒပြတဲ့ ပါလက်စတိုင်းတွေနဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့

ဇန်နဝါရီ ၃၁  ။                     ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ဆန့်ကျင့်ပြီး အနောက်ဖက်ကမ်းက ရာမာလာမြို့နဲ့ ဟီဘရူးမြို့တွေမှာ ဆန္ဒပြကြတဲ့ ပါလက်စတိုင်းတွေနဲ့ အစ္စရေးလုံခြုံရေးတပ်တွေကြား ထိပ်တိုက်တွေ့မှုတွေ ဖြစ်ပွားပေါ်ပေါက်ပါတယ်။

ပါလက်စတိုင်း ဆန္ဒပြသူတွေဟာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ကျောက်တုံးကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး အစ္စရေးလုံခြုံရေးတပ်တွေက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ဖြိုခွင်းတာကိုလည်း မြင်တွေ့ရပါတယ်။
ဇန်နဝါရီ ၃၀ ရက်က ဖြစ်ပွားတဲ့ အဆိုပါ ထိပ်တိုက်တွေ့မှုတွေအတွင်း လူ ၁၈ ဦးအထိ ဒဏ်ရာရတယ်လို့ ပါလက်စတိုင်းကြက်ခြေနီအဖွဲ့က ပြောပါတယ်။

ဇန်နဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ကြေညာသွားတဲ့ သမ္မတ ထရမ့်ရဲ့ အငြင်းပွားဖွယ် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ဟာ သိမ်းပိုက်ခံ အနောက်ဖက်ကမ်းက အဓိက နယ်မြေတွေကို အစ္စရေးပိုင်အဖြစ် မီးစိမ်းပြလိုက်တာ ဖြစ်နေသလို ပါလက်စတိုင်းတွေရဲ့ ‘နေရပ်ပြန််ရေး အခွင့်အရေး’ဆိုတဲ့ မျှော်လင့်ချက်ကိုလည်း အဆုံးသတ်သွားစေမှာ ဖြစ်ပါတယ်။

အဲဒီ ထရမ့်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို မထုတ်ပြန်ခင်ကတည်းက အစ္စရေးဖက် ဘက်လိုက်ထားတယ်ဆိုပြီး ပါလက်စတိုင်းက နိုင်ငံတကာအနေနဲ့ သပိတ်မှောက်ကန့်ကွက်ဖို့ ဆော်ဩထားခဲ့ပါတယ်။
“အဲဒီ ငြိမ်းချမ်းရေးအစီအစဉ်ဆိုတာဟာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအတွက် မဟုတ်ဘူး။ ပါလက်စတိုင်းနယ်မြေတွေကို အစ္စရေးအချုပ်အခြာအောက် တွန်းပို့မယ့် အစီအစဉ်ပဲ။”လို့ ဇန်နဝါရီ ၂၇ ရက် ကက်ဘိနက်အစည်းအဝေးမှာ ပါလက်စတိုင်း ဝန်ကြီးချုပ် ရှာတေယက်ရှက်က ပြောခဲ့ပါတယ်။

ငြိမ်းချမ်းရေး အစီအစဉ် ထုတ်ပြန်ပြီးနောက်မှာ ပါလက်စတိုင်း သမ္မတ မာမွဝ်အာဘတ်စ်က အမေရိကန်နဲ့ အစ္စရေးတို့ လျှို့ဝှက်ပူးပေါင်းကြံစည်ချက်တစ်ခုသာ ဖြစ်တယ်ဆိုပြီး ပါလက်စတိုင်းဖက်က လက်မခံနိုင်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟုကတော့ ထရမ့်ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ဟာ ငြိမ်းချမ်းရေးအတွက် လက်လွတ်မခံသင့်တဲ့ အစီအစဉ်ပါပဲလို့ ဇန်နဝါရီ ၂၈ ရက်က အိမ်ဖြူတော်မှာ ထရမ့်နဲ့အတူ ယှဉ်ရပ်ရင်း ပြောဆိုသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required