ရန်ကုန်တိုင်းအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းစီမံချက်ကို ဇွန်လအတွင်း အပြီး ရေးဆွဲမည်

ရန်ကုန်တိုင်းအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းစီမံချက်ကို ဇွန်လအတွင်း အပြီး ရေးဆွဲမည်

ဇန်နဝါရီ ၃၀။               ။ ရန်ကုန်တိုင်းဒေသကြီးအဆင့်  သဘာဝဘေးအန္တရာယ်ဆိုင်ရာ  လုပ်ငန်းစီမံချက်    ( Disaster  Management Plan ) ကို ယခုနှစ် ဇွန်လအတွင်း ပြီးစီးနိုင်အောင် ရေးဆွဲသွားမည်ဖြစ်ပြီး  DMP  ထွက်ရှိလာသည့်အပေါ် မူတည်ကာ သက်ဆိုင်ရာဌာနအလိုက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်မှု လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း   ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ၊  ညွှန်ကြားရေးမှူး ၊  ဦးဝင်းရွှေက ပြောသည်။

ဇန်နဝါရီ ၃၀ ရက်နေ့ ၊ ရန်ကုန်မြို့ ၊ Panda Hotel  တွင်  လူမှုကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနနှင့် Plan National Myanmar  တို့ ပူးပေါင်းပြုလုပ် သည့် တိုင်းဒေသကြီးအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းစီမံချက် ပြန်လည်သုံးသပ်ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၊  ညွှန်ကြားရေးမှူး ၊  ဦးဝင်းရွှေ မှ  “မှန်းထားတာက ဒီ  Disaster  Management Plan  ကို ဇွန်လလောက် စနစ်တကျ ထည့်သွင်းရေးဆွဲနိုင်လိမ့်မယ်။ ဒါဆိုရင် ဌာနဆိုင် ရာအ လိုက် ကြိုတင်ကာကွယ်ရေး ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေ ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဟန်ချက်ညီစွာနဲ့ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်။  အခုလို အလုပ်ရုံဆွေးနွေးပွဲနှင့် လိုအပ်ရင် ဌာနအလိုက် တွေ့ဆုံပြီး သူတို့ အမြင်တွေ ထည့်သွင်းသွားမယ်။ DMP  ရလာမယ်ဆိုရင်တော့   DMP  ကို အခြေခံပြီး သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက်  ကြိုတင်ပြင်ဆင်မှုတွေ ပေါင်းစပ်ညှိနှိုင်းမယ်။ တစ်ကယ်ဖြစ်လာတဲ့ သဘာဝဘေးအန္တရာယ်ကို အကောင်းဆုံးရင်ဆိုင်နိုင်မယ်   “   ဟု ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်းအဆင့်  သဘာဝဘေး အန္တရာယ်ဆိုင်ရာ လုပ်ငန်းစီမံချက်  သတင်းအချက်အလက် အသေးစိတ် ပါဝင်သည့် လက်စွဲစာအုပ်ကိုလည်း ထုတ်ဝေနိုင်ဖို့လည်း ပြင်ဆင်နေကြောင်း သိရသည်။  

လူဦးရေ   ၆ သန်းနီးပါးခန့် နေထိုင်လျက်ရှိသည့် ရန်ကုန်တိုင်းအတွင်း အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်နေမှု ပေါများလာသလို  အဆိုပါ အဆောက်အအုံအများစုရဲ့ ငလျင်ဒဏ်ခံနိုင်မှုကလည်း    စိန်ခေါ်မှု တစ်ခုဖြစ်နေသည်။

 “ အခုဆိုရင် မီးဘေးလုံခြုံရေးအပြင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကို ဟောပြောပွဲတွေမှ ထည့်သွင်း ပြောဆိုရတယ်။ အများပြည်သူနဲ့ပတ်သက်တဲ့  စီမံချက် ၊ လျာထားချက်တွေနဲ့ နှစ်တိုင်း ဆောင်ရွက်နေ ပါ တယ်။  အခုဆိုရင် သဘာဝဘေးနဲ့ ပတ်သက်ပြီး ပိုလုပ်ဆောင်ဖြစ်တယ်။ ငလျင်နဲ့ ပတ်သက်ရင်လည်း ဇာတ်တိုက်လေ့ကျင်ခန်းတွေကို ခရိုင်အလိုက် ၊ တိုင်းဒေသအဆင့် အလိုက် ဆောင်ရွက်နေပါတယ်   “ ဟု  သုံးခွမြို့နယ် ၊ မီးသတ်ဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန် က ပြောသည်။

၁၉၉၈ ခုနှစ် မှ ၂၀၁၇ ခုနှစ်အတွင်း     ကမ္ဘာပေါ်တွင်  သဘာဝဘေးဖြစ်စဉ်ကြောင့်   ပြင်းထန်ထိခိုက်မှု အများဆုံး နိုင်ငံများအနက်  မြန်မာနိုင်ငံသည်  တတိယအဆင့်မှာ ရပ်တည်နေကြောင်း သိရသည်။

    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly