ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟွမ်ကန်းမြို့ကို ဒုတိယဝူဟန် အဖြစ်မခံနိုင်ဟု ဟူပေအုပ်ချုပ်ရေးမှူးပြော

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟွမ်ကန်းမြို့ကို ဒုတိယဝူဟန် အဖြစ်မခံနိုင်ဟု ဟူပေအုပ်ချုပ်ရေးမှူးပြော

ဇန်နဝါရီ ၃၀ ။            ။ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဇန်နဝါရီ ၃၀ ရက် မနက်ပိုင်းအထိ သေဆုံးသူ ဦးရေသည် ၁၇၀ ဦး ရှိလာပြီး ကူးစက်ခံရသူ ၇၇၁၁ ရှိသွားပြီ ဖြစ်သည့်အတွက် ရောဂါဖြစ်ပွားမှု ပြင်းထန်နေသည့် ဟွမ်ကန်းမြို့ကို ဒုတိယဝူဟန် အဖြစ်မခံနိုင်ကြောင်း ဟူပေပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

လူဦးရေ ၇ ဒဿမ ၅ သန်းကျော် နေထိုင်သည့် ဟွမ်ကန်းမြို့သည် ဗိုင်းရပ်စ် ပြန့်ပွားမှာ စိုးသည့်အတွက် အဝင် အထွက် အပိတ်ခံထားရသော မြို့များအနက် တစ်မြို့ဖြစ်ပြီး အင်္ဂါနေ့အထိ သေဆုံးသူ ၅ ဦးနှင့် ကူးစက်ခံရသူ ၃၂၄ ဦးရှိကာ ဝူဟန်ပြီးလျှင် ဒုတိယမြောက် ဗိုင်းရပ်စ် ကူးစက်အခံရဆုံး မြို့ဖြစ်သည်။

ဟူပေပြည်နယ် အုပ်ချုပ်ရေးမှူး Wang Xiaodong က ပြည်နယ်အတွင်းရှိ ကုမ္ပဏီများကို ဖေဖော်ဝါရီ ၁၃ ရက် မတိုင်ခင်အထိ လုပ်ငန်းပြန်လည် မလည်ပတ်သင့်ကြောင်း ဇန်နဝါရီ ၂၉ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က “ ကိုရိုနာဗိုင်းရပ်စ်က မကောင်းဆိုးဝါးပါပဲ၊ အဲဒီ မကောင်းဆိုးဝါးကို ပုန်းအောင်းနေ ဖို့ ခွင့်မပြုနိုင်ပါဘူး၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အားဖြည့် လုပ်ဆောင်သွားမှာဖြစ်ပြီး  WHO ရဲ့ ပူးပေါင်း ဆောင်ရွက်မှုကိုလည်း ကြိုဆိုပါတယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)အကြီးအကဲဖြစ်သူ Tedros Adhanom Ghebreyesus နှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် ပြောခဲ့သည်။

တခြား အသက်ရှူ လမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ကဲ့သို့ပင် ကိုရိုနာဗိုင်းရပ်စ်သည် ချောင်းဆိုးခြင်း၊ နှာချေခြင်းများမှ တဆင့် ကူးစက်နိုင်ပြီး ရှင်သန်ပေါက်ပွားနိုင်သည့် ကာလ ၁ ရက်မှ ၁၄ ရက်အတွင်း ဖြစ်နိုင် ကာ ရောဂါလက္ခဏာမပြမီ ကူးစက်ပျံ့နှံ့နိုင်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required