မြန်မာ့လူ့ဘောင်တွင် တရားမျှတမှုနှင့်တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ရန်လိုအပ်နေသေးဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာ့လူ့ဘောင်တွင် တရားမျှတမှုနှင့်တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ရန်လိုအပ်နေသေးဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ဓာတ်ပုံ- အတိုင်ပင်ခံရုံး(fb)

ရန်ကုန်၊ ဇန်နဝါရီလ ၂၉ ။          ။ မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းတွင် အမှတ်တရား၊ တရားမျှတမှုနှင့် တရားဥပဒေ စိုးမိုးရန် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သင့်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသော ဦးကိုနီနှင့် ဦးနေဝင်းတို့ ဆုံးပါးသွားခြင်း သုံးနှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြု အခမ်းအနားကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီးမှာ ကျင်းပခဲ့သည်။

အဆိုပါ သုံးနှစ်ပြည့် အောက်မေ့ဖွယ် ဂုဏ်ပြု အခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာ ပေးပို့ကာ အထက်ပါ အတိုင်း ပြောလိုက် ခြင်းဖြစ်သည်။

၎င်းက “ မြန်မာနိုင်ငံနှင့် မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းတွင် အမှန်တရား ၊ တရားမျှတမှု၊ တရားဥပဒေစိုးမိုးမှုတို့ ခိုင်မာသည်ထက် ခိုင်မာအောင် ဆက်လက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေကို ဦးကိုနီနှင့် ကိုနေဝင်းတို့က မီးမောင်းထိုး သက်သေပြလျက်ရှိနေပါသည်”ဟု ဆိုသည်။

နိုင်ငံသူ/သား၊ ပြည်သူများ အားလုံး လွတ်လပ်မှု ၊တန်းတူညီမျှမှု ၊ တရားမျှတမှုနှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင် မှုတို့ ရရှိရေးအတွက် အာမခံချက်များ၊ အခွင့်အရေးများ အပြည့်အ၀ ရှိစေမည့် ဖွဲစည်းပုံ အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာရေးအတွက် ဆက်လက် ကြိုးပမ်းကြရမည်ဟုလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဦးကိုနီနှင့် ဦးနေဝင်းတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့မှာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ကြောင့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်က သေဆုံးခဲ့သည်။

ဦးကိုနီသည် လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဥပဒေအကြံပေးဖြစ်ပြီး ဦးနေဝင်း မှာ ဦးကိုနီအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သူကို ဝင်ရောက် ဖမ်းဆီးစဉ် သေဆုံးခဲ့ရသော အငှားယာဉ်မောင်း တစ်ဦး ဖြစ်သည်။

လက်ရှိမှာတော့ ဦးကိုနီနှင့် ဦးနေဝင်းတို့ကို ပစ်ခတ် သတ်ဖြတ်ခဲ့သူ ဦးကြည်လင်း အပါအဝင် နောက်ကွယ်မှ ခိုင်းစေခဲ့သော လူပုဂ္ဂိုလ် တချို့ကို ဖမ်းဆီးကာ အရေးယူထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly