ကိုရိုနာဗိုင်းရပ်စ် ရောဂါရှောင်ချင်လို့ ယူဆရသူ တရုတ်နိုင်ငံသား ၂၅ ဦး ကြေးနီစီမံကိန်းအတွင်းတွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ် ရောဂါရှောင်ချင်လို့ ယူဆရသူ တရုတ်နိုင်ငံသား ၂၅ ဦး ကြေးနီစီမံကိန်းအတွင်းတွေ့ရှိ
Photo -  Aungmay Yee

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ယင်းမာပင်မြို့နယ်အတွင်းမှာရှိသည့် စပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီစီမံကိန်းအတွင်း ဇန်နဝါရီ - ၂၇ ရက်နေ့ ၊ ည (၁၀) နာရီခန့်က ကား ၅ စီးဖြင့် တရုတ်လူမျိုးတွေ ဝင်လာကြတယ်လို့ သတင်းရရှိတာကြောင့် စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ၊ယင်းမာပင်မြို့နယ်(အမှတ် -၂) မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီနှင့် တိုင်းကျန်းမာရေးဦးစီးဌာနတို့ သွားရောက်စစ်ဆေးခဲ့ကြကြောင်းသိရသည်။

ဒါကြောင့် သွားရောက်စစ်ဆေးရာမှာပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီနှင့် မဇ္ဈိမ မီဒီယာက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ဒီနေ့သွားစစ်တယ်ကြားလို့  တွေ့ရှိချက်လေးပြောပြပေးပါ။

ဖြေ။ ။လောလောဆယ်အနေအထားကတော့ သွားစစ်တယ်ဗျာ။ စစ်တော့ သူတို့ဒီအစည်းအဝေးမှာ စာရွက်ထဲမှာက လူဦးရေက (၂၂)ယောက်ဖြန့်တာလေ။ အမှန်တကယ် ကျွန်မတို့ဝင်စစ်တော့ (၂၅ )ယောက်တော့တွေ့ခဲ့တာပေါ့။

Photo -  Aungmay Yee

မေး  ။ ။ ကား (၅)စီးနဲ့ ဝင်လာတယ်ကြားတယ်။ဘယ်လိုတွေတွေ့ရှိခဲ့လဲ။

ဖြေ ။ ။ ကား (၅ )စီးဆိုတာက ကားသေးလေးတွေလည်းဖြစ်ချင်ဖြစ်မယ်၊  ကားကြီးတွေလည်းဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် အထဲမှာက ကားပေါ်မှာ မူတည်တာမဟုတ်ဘဲ လူဦးရေပေါ်မူတည်တာဆိုတော့ သူတို့အထဲမှာရှိတဲ့ လူဦးရေကိုပဲ စစ်ဆေးတာပေါ့။ ပြီးတော့ ပထမကျွန်မတို့ အစည်းအဝေးအရင် ထိုင်လိုက်တယ်။ နောက်တော့ကျွန်မ တို့ကို လူဦးရေစာရင်းဖြန့်တယ်။ (၂၂)ယောက်ဆိုပြီး သိရတယ်။ ( ၂၂)ယောက်ကနေ ကျွန်မက မြေပြင်ကွင်းဆင်းကြည့်ချင်တယ်။ အဲ့ဒါနဲ့ဆင်းကြည့်တော့ (၂၅ )ယောက်တွေ့ခဲ့တယ်။

မေး။ ။  ဘာ့ကြောင့်ဝင်လာကြတယ်လို့ယူဆလဲ။

ဖြေ ။  ။ တကယ်ကျတော့ သူတို့ရဲ့အမျိုးသားတွေက ဒီယမ်စီတို့မှာအလုပ်လုပ်တယ်။ ဝမ်ပေါင်တို့မှာအလုပ်လုပ်တယ်။ အခုလာတဲ့အထဲမှာ ဝမ်ပေါင်ထဲမှာအလုပ်လုပ်တဲ့သူတွေရော၊ ဒီယမ်စီထဲက ကန့်ထဲမှာလာပြီးတော့နေကြတာ အဲ့လိုမျိုးရှိတယ်။ ဆိုတော့က သူတို့အမျိုးသားတွေရော သူတို့ရဲ့သားသမီးတွေရော ပါလာတော့ ဒါရောဂါရှောင်ချင်လို့ ဒီကိုရောက်လာတဲ့သဘောပဲလို့ကျွန်မယူဆတယ်။

(ကနဦးရရှိထားသောသတင်းအချက်အလက်ဖြစ်ပြီး သတင်းအပြည့်အစုံဆက်လက်ဖော်ပြပါမည်)
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly