WLC လက်ဝှေ့ပြိုင်ပွဲနှင့်အတူ နိုင်ငံတကာအဆင့်မီ ဖြစ်လာသည့် သိမ်ဖြူလက်ဝှေ့အားကစားရုံ

WLC လက်ဝှေ့ပြိုင်ပွဲနှင့်အတူ နိုင်ငံတကာအဆင့်မီ ဖြစ်လာသည့် သိမ်ဖြူလက်ဝှေ့အားကစားရုံ
ဓာတ်ပုံ - ထွန်းထွန်းဝင်း

ဇန်နဝါရီလ ၂၉ ။        ။ နိုင်ငံတကာ ကစားသမားများ နှင့် မြန်မာထိပ်တန်း လက်ဝှေ့ကစားသမားများ ပါဝင်ထိုးသတ်ယှဉ်ပြိုင်ကြမည့် ၂၀၂၀ ခုနှစ် ၏  WLC 11:Battle Bones လက်ဝှေ့ပြိုင်ပွဲကို ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ လက်ခံကျင်းပမည်ဖြစ်သည်။

လက်ရှိတွင် သိမ်ဖြူလက်ဝှေ့အားကစားရုံကို အဆင့်မြှင့်တင်မှုများလုပ်ဆောင်လျက်ရှိပြီး မီး ၊ အဲကွန်း၊ ပွဲကြည့်စင်နှင့် သန့်စင်ခန်းများကို အဆင့်မြှင့်တင် ပြုပြင်လျက်ရှိသည်။

“ကုန်ကျစရိတ်အနေနဲ့က ပြောပလောက်အောင် မရှိပါဘူး။ အဓိက ပျက်နေတာလေးတွေ ပြင်ပေးတယ်။ သန့်ရှင်းရေးတွေ လုပ်ပေးတယ်။ မလုပ်ဘဲနဲ့ ပစ်ထားလို့သာ ပျက်နေတယ်။သန့်ရှင်းရေးတွေ အားနည်းနေတယ်။ ဘာမှမကုန်တာလေးကို လုပ်ဖြစ်သွားရင် အဆင်ပြေသွားတယ် အဲဒီသဘောမျိုးပါ “ ဟု World Lethwei Championships  ၏ ဥက္ကဋ္ဌဖြစ်သူ ဦးဇေသီဟ မဇ္ဈိမသတင်းဌာနသို့ပြောသည်။

ဓာတ်ပုံ - သူရ/မဇ္ဈိမ

မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် တစ်ခုတည်းသော လက်ဝှေ့အားကစားပြိုင်ပွဲများ ကျင်းပရာနေရာဖြစ်သည့် သိမ်ဖြူလက်ဝှေ့ရုံကို ပြင်ပမှ လက်ဝှေ့ပြိုင်ပွဲများ ကျင်းပရာတွင် အိမ်သာသန့်ရှင်းမှူအားနည်းခြင်း ၊ အဲကွန်းမအေးခြင်း ၊ မီးရောင်လုံလောက်စွာ မရရှိခြင်း စသည့် အခြေခံလိုအပ်ချက်များ ရှိနေကြောင့် ယခုလို့ပြန်လည်ပြုပြင်နေခြင်းဖြစ်သည်။

“အဓိက ပြင်တဲ့အပိုင်းက ကျွန်တော်တို့ဘာသာပဲ အကုန်ကျခံပြီး ပြင်ပေးလိုက်တယ်။ မထူးတော့ဘူးလေ ပရိတ်သတ်တွေအတွက် ကျွန်တော်တို့ ကုန်ကျစရိတ်ပဲ အကုန်ခံပါတယ်။ တတ်နိုင်သမျှပါ ၊ လုံးဝအကောင်းကြီး ဖြစ်သွားအောင်တော့ လုပ်ရတာ ခဲယဉ်းပါတယ်။ ပရိတ်သတ်အတွက် အဆင်ပြေလောက်မယ် အခြေအနေတစ်ခုအထိ ရောက်အောင်တော့ ပြင်နေပါတယ် “ ဟု WLC  မှ Vice Chairman ဖြစ်သူ ဒေါက်တာစိန်ဖြိုးလှိုင် က ပြောသည်။

ဓာတ်ပုံ - Zay Thiha facebook

၂၀၂၀ ခုနှစ် ၏  WLC 11:Battle Bones လက်ဝှေ့ပြိုင်ပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ရန်ကုန်မြို့  သိမ်ဖြူအားကစားခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံဘွဲ့ပိုင်ရှင် တူးတူးနှင့် ဥဇဘက်ကစ္စတန်နိုင်ငံသား တူတာဗို့ တို့ ယှဉ်ပြိုင်ထိုးသတ်မည့် ပွဲစဉ်တွင် ချန်ပီယံခါးပတ်ကို အပြည့်အဝကာကွယ်နိုင်မည်ဟု ယုံကြည်ကြောင်း တူးတူးကပြောသည်။

WLC 11:Battle Bones လက်ဝှေ့ပြိုင်ပွဲ နှင့်ပတ်သက်ပြီး လက်ဝှေ့ထိုးသတ်ယှဉ်ပြိုင်ကြမည့် ကစားသမားများ မိတ်ဆက်ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ ပြည်လမ်း ပြည်ဂါဒင်းကွန်ဒိုတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲ နိုင်ငံတကာ အားကစားလိုင်းများဖြစ်ကြသည့် UFC Fight Pass  နှင့် ဒေသတွင်းမီဒီယာများ တွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဟုလည်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly