ဝူဟန်မှာပိတ်မိနေတဲ့ နိုင်ငံခြားသားတွေ သက်ဆိုင်ရာအစိုးရ တွေက ပြန်ခေါ်နေကြပေမယ့် မြန်မာကျောင်းသားတွေ ဝူဟန်မြို့မှ မထွက်နိုင်သေး

ဝူဟန်မှာပိတ်မိနေတဲ့ နိုင်ငံခြားသားတွေ သက်ဆိုင်ရာအစိုးရ တွေက ပြန်ခေါ်နေကြပေမယ့် မြန်မာကျောင်းသားတွေ ဝူဟန်မြို့မှ မထွက်နိုင်သေး
Photo - EPA

ရန်ကုန်၊ ဇန်နဝါရီ ၂၉။              ။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံသားတွေကို ဂျပန်အစိုးရက ယနေ့ ဇန်နဝါရီလ ၂၉ ရက် မနက်ပိုင်းမှာ ပြန်လည်ခေါ်ဆောင်သွားပြီဖြစ်သလို အမေရိကန်နိုင်ငံကလည်း ဒီနေ့ပြန်ခေါ်သွားဖို့ ရှိနေပေမယ့် မြန်မာနိုင်ငံသား ကျောင်းသား၊ကျောင်းသူတွေကတော့ ဝူဟန်မြို့က မထွက်နိုင်သေးဘဲ ဖြစ်နေကြောင်းသိရသည်။

ယခုလို နိုင်ငံအသီးသီးက ၎င်းတို့နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်သွားတဲ့ အခြေအနေများကို မြန်မာနိုင်ငံဘက်က သက်ဆိုင်ရာအဖွဲ့အစည်းများကို တင်ပြထားကြောင်းဘေကျင်းအခြေစိုက်၊ မြန်မာသံရုံးက ဒုတိယအ တွင်းဝန် ဦးစိုးပြည့်ဝင်းက မဇ္ဈိမကို ပြောသည်။

ဦးစိုးပြည့်ဝင်းက “လက်ရှိတော့ သူတို့မထွက်ခွာရသေးပါဘူး။ အခုမနက်ကတော့ ဂျပန်က သူတို့နိုင်ငံသားတွေကို ပြန်ခေါ်သွားတယ်။ ပထမဆုံးအနေနဲ့ ဂျပန်နိုင်ငံသား ၆၅ဝ ရှိတဲ့အနက် ၂ဝဝ တိတိခေါ်သွားတယ်။

ဒါကမနက်ပိုင်း အတည်ပြုထားတာ သိရတာပါ။ အမေရိကန်လည်း ဒီနေ့လို့ ပြောပါတယ်။ အဲ့ဒီလို တစ်ခြားနိုင်ငံတွေ ခေါ်ဆောင်သွားတဲ့ အခြေအနေတွေကို ကျွန်တော်တို့ သက်ဆိုင်ရာမြန်မာနိုင်ငံဘက်ကို တင်ပြထား ပါတယ်”ဟုပြောသည်။

နိုင်ငံအသီးသီးက ဝူဟန်မြို့မှာ ရောက်ရှိနေတဲ့ သူတို့နိုင်ငံသားများကို ပြန်ခေါ်ဖို့ လုပ်ဆောင်နေသလို၊ အချို့နိုင်ငံတွေကလည်း အခုလိုပြန်လည်ခေါ်ဆောင်သွားတာကြောင့် တရုတ်နိုင်ငံ၊ ဘေကျင်းမြို့မှာရှိတဲ့ မြန်မာသံရုံး အနေဖြင့်လည်း မိမိနိုင်ငံပြန်နိုင်ရေး တောင်းဆိုထားတဲ့ မြန်မာကျောင်းသား ၆ဝ ကို အမြန်ဆုံးပြန်ပို့နိုင်ရေး နှစ်ဖက်ညှိနှိုင်းဆောင်ရွက်လျှက်ရှိသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ကစတင်ပြီး ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့က ထွက်ခွာမယ့် လေယာဉ်၊ ရထားခရီးစဉ်တွေကို ရပ်ဆိုင်းလိုက်ကြောင်းတရုတ်အစိုးရဘက်က သတင်းထုတ်ပြန်ထားပြီး ဝူဟန်မြို့မှ မြန်မာကျောင်းသား ၆ဝ ကိုလည်း လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ကာ သီတင်းပတ်နှစ်ပတ်ကြာ စောင့်ကြည့်ပြီးမှ ဝူဟန်မြို့က ထွက်ခွင့်ရမည်ဟုပြောဆိုမှုများရှိခဲ့သည်။

မြန်မာသံရုံးအနေဖြင့်လည်း ကျောင်းသားများ၏ ကျန်းမာရေးစစ်ဆေးမှု များ  ပြုလုပ်ပြီး မြန်မြန်ဆန်ဆန်ပြန်ခွင့်ရဖို့ တရုတ်အစိုးရနဲ့ ညှိနှိုင်းထားပေမယ့် အခုအချိန်အထိအကြောင်းပြန်လာတာမရှိသေးကြောင်းသိရသည်။

Photo - EPA

ဒါ့အပြင် မြန်မာကျောင်းသားများကို တရားဝင်ပြန်လည်ခေါ်ဆောင်တဲ့ အစီအစဉ်စတင်မှသာ သီတင်းပတ်နှစ်ပတ်ကြာစောင့်ကြည့်ဖို့ စတင်မှာဖြစ်ပြီး လက်ရှိမှာတော့ စစ်ဆေးမှု၊ စောင့်ကြည့်မှုအစီစဉ် တွေမလုပ်နိုင်သေး ကြောင်းသိရသည်။

ဦးစိုးပြည့်ဝင်းက “မစသေးဘူးခင်ဗျ။ အဲ့ဒါက သူတို့ ခေါ်ဆောင်တဲ့အစီအစဉ်တရားဝင်စတင်မှသာ လုပ်မှာပါ။ အခုက စစ်ဆေး၊ စောင့်ကြည့်တဲ့ အစီအစဉ်ကို မစတင်ရသေးပါဘူး” ဟုပြောသည်။

တရုတ်နှစ်ကူးပိတ်ရက်လည်းဖြစ်၊ ရောဂါကူးစက်ခံရသူနဲ့ သေဆုံးသူဦးရေကလည်း တစ်နေ့တစ်ခြားတိုးလာနေတာကြောင့် ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့မှာ လမ်းပေါ်ထွက်သွားလာသူတွေမရှိသလောက် နည်းပါးနေသလို၊ ဈေးဆိုင်များပိတ်ထားတာကြောင့်  မြန်မာကျောင်းသားများအနေဖြင့် စားနပ်ရိက္ခာနှင့်ဆေးဝါးအခက်အခဲရင်ဆိုင်နေရတာကိုသံရုံးမှထောက်ပံ့ပေးထားကြောင်းသိရသည်။

  လက်ရှိတွင် မြန်မာကျောင်းသား ၆ဝ လုံး ကျန်းမာရေးအခြေအနေကောင်းမွန်နေတာကြောင့် ထပ်ပြီးကူးစက်ပျံ့နှံ့မှုတွေ မဖြစ်ပွားခင် လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ခံယူကာ နေရပ်ပြန်နိုင်ဖို့ ဆန္ဒရှိနေကြကြောင်း ကျောင်းသားများထံမှသိရသည်။

မြန်မာအစိုးရအနေဖြင့် ဝူဟန်က ရောက်လာမယ့် ကျောင်းသားများအတွက် ကျန်းမာရေးစစ်ဆေးမှုနှင့် စောင့်ကြည့်မှုတွေ ပြုလုပဖို့ကြိုတင်စီစဉ်ထားပြီးဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက် ဖျက်ရေးဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးကပြောကြားမှုများရှိခဲ့သည်။

တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနှုန်းသည် အလွန်မြန်ဆန်လွန်းနေပြီး ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်းအထိ သေဆုံး သူ ဦးရေ ၁၃၂ ဦးနှင့် ကူးစက်ခံရသူ ၅၉၇၄ ဦး ရှိသွားပြီဖြစ် ကြောင်း တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်ကထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly