AA အနေနဲ့ ခူမီးမျိုးနွယ်ကို ရခိုင်မျိုးနွယ်ထဲ ထည့်သွင်း ထုတ်ပြန်မှုအပေါ် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကန့်ကွက်

AA အနေနဲ့ ခူမီးမျိုးနွယ်ကို ရခိုင်မျိုးနွယ်ထဲ ထည့်သွင်း ထုတ်ပြန်မှုအပေါ် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကန့်ကွက်

ဇန်နဝါရီလ ၂၉ရက် ။     ။ AA လက်နက်ကိုင်အဖွဲ့၏ထုတ်ပြန်ချက်တွင် ခူမီးမျိုးနွယ်စုအားရခိုင်မျိုးနွယ်စုအဖြစ် သုံးနှုန်းခြင်း သည် လူမျိုးနှစ်ခုအကြား ငြိမ်းချမ်းစွာအတူနေထိုင်မှုများကို ထိခိုက်စေသည့် အတွက် နောက်နောင်သုံးစွဲခြင်းမပြုဖို့ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကထုတ်ပြန်လိုက်သည်။

အေအေလက်နက်ကိုင်အဖွဲ့ကဖမ်းဆီးထားသည့် ပလက်ဝမြို့နယ် အမှတ်(၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ပြန်လည်လွှတ်ပေးသည့် ထုတ်ပြန်ချက်တွင် ချင်းမျိုးနွယ်စုအား ရခိုင်မျိုးနွယ်စုအဖြစ် သုံးနှုန်းထားသည့်အပေါ် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကဇန်နဝါရီလ ၂၈ရက်က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ဦးရှိန်ထွန်းက “ ပလက်ဝမြို့နယ်ကနောက်ကြောင်းသမိုင်းကြောင်းမှာဘယ်တုန်းကမှ ရခိုင်ပြည်နယ်ထဲမပါဘူး။ ဒါက မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင်တယ်။ လောလောဆယ် ငြိမ်းချမ်းရေးဖြစ်စဉ်တွေထဲမှာတစ်နွယ်နဲ့တစ်နွယ် လူမျိုးချင်းမပါတဲ့ ချဉ်းကပ်မှု တွေနဲ့ သွားရင်တော့ အဆင်အပြေနိုင်ဆုံးလို့ ကျွန်တော်တို့ မြင်တယ်။ ထုတ်ပြန်ချက်ထုတ်ပြန်ရတဲ့ အဓိကအချက် ဒီဟာပါ” ဟုမဇ္ဈိမသို့ပြောသည်။

ခူမီးမျိုးနွယ်စုအနေဖြင့် ရခိုင်လူမျိုးများတွင် မပါဝင်ကြောင်းနောက်ခံသမိုင်းကြောင်းအထောက်အထားများကို ၂၀၁၄ခုနှစ်ကတည်းက ပြည်ထောင်စုအစိုးရထံတင်ပြထားကြောင်းလည်း ၎င်းကပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အများစုမှီတင်းနေထိုင်သည့် ခူမီးမျိုးနွယ်စုများသည် ဘာသာဗေဒ၊ ရိုးရာဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုအစဉ်အလာအရချင်းလူမျိုးများတွင် ပါဝင်သည့် လူမျိုးနွယ်စုတစ်စု ဖြစ်ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required