ပထမဆုံးအဖြစ် သြစတြေးလျ သိပ္ပံပညာရှင်များ ကိုရိုနာဗိုင်းရပ်စ်ကို ပုံတူပွားပြီး လေ့လာဆန်းစစ်

ပထမဆုံးအဖြစ် သြစတြေးလျ သိပ္ပံပညာရှင်များ ကိုရိုနာဗိုင်းရပ်စ်ကို ပုံတူပွားပြီး လေ့လာဆန်းစစ်

ဇန်နဝါရီ ၂၉။                 ။ ဩစတြေးလျ သိပ္ပံပညာရှင်များသည် လတ်တလော ကူးစက်ပျံ့ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကို လေ့လာ ဆန်းစစ်ရန်နှင့်  ကုသမှု နည်းလမ်းရှာနိုင်ရန် ထိုဗိုင်းရပ်စ်ကို ပုံတူပွား ယူမည်ဖြစ်ကာ တရုတ်နိုင်ငံပြင်ပတွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ပုံတူပွားသည့် သိပ္ပံပညာရှင်များ ဖြစ်သည်။

ယခု တွေ့ရှိမှုက ဗိုင်းရပ်စ်ပိုး၏ လစ်ဟာချက်ကို ရှာဖွေဖော်ထုတ်နိုင်ပြီး ကုသမှု နည်းလမ်း တွေ့ရှိနိုင်ရေး အားထုတ် မှုများအတွက် အကူအညီ ဖြစ်ကောင်း ဖြစ်နိုင်သည်ဟု မျှော်လင့်ရသည်။

ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမှ သုတေသန ပညာရှင်များသည် ရောဂါ ကူးစက်ခံရသူထံမှ ဗိုင်းရပ်စ်ပိုးကို ပုံတူပွား ယူနိုင်ခဲ့ပြီး နမူနာကို ဓာတ်ခွဲခန်းသို့ ပို့လိုက်ပြီဖြစ်ကြောင်း၊ တွေ့ရှိချက်များကိုလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO)နှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ဆိုသည်။

တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များကလည်း အဆိုပါ ဗိုင်းရပ်စ်ကို ပုံတူပွားခဲ့ကြပြီး ဇီဝရုပ်မျိုး ဗီဇအစု (genome sequence) ကို ဖော်ထုတ်ခဲ့ကြသော်လည်း ဗိုင်းရပ်စ် သီးသန့်အတွက်ကိုမူ မလုပ်ဆောင်ခဲ့ကြပေ။

Peter Doherty Institute က Dr. Mike Catton က “အခုလိုဖြစ်ရပ်မျိုးအတွက် ကျွန်တော်တို့ နှစ်ပေါင်းများစွာ စီစဉ်လာခဲ့ကြတာပါ၊ အဖြေကို အမြန်ဆုံး ရနိုင်မှာပါ ” ဟု ပြောသည်။

ခွဲခြမ်းစိတ်ဖြာ တွေ့ရှိချက်များမှနေ၍ ရောဂါလက္ခဏာ မပြသေးသော ကူးစက်ခံရသူများကို စမ်းသပ်နိုင်မည့် ကနဦး ရောဂါ စစ်တမ်းများလည်း လုပ်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

တရုတ်ပြင်ပ နိုင်ငံများဖြစ်သည့် ထိုင်း၊ ပြင်သစ်၊ အမေရိက၊ ဩစတြေးလျ၊ ဂျာမနီ၊ ဂျပန် အပါအဝင် အာရှနှင့် ဥရောပ နိုင်ငံများတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ အနည်းဆုံး ၄၇ ဦး ရှိသွားပြီဖြစ်သည်။

တရုတ်နိုင်ငံတွင် ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃၂ ဦးနှင့် ကူးစက် ခံရသူပေါင်း ၆၀၀၀ နီးပါး ရှိသွားပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly