အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာ

အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆီးကျိတ်ကင်ဆာ

ရေးသားသူ Dr. Htet Htet Zaw Win
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဆီးကျိတ်ကင်ဆာ အကြောင်းကို မပြောခင် ဆီးကျိတ်အကြောင်းအရင်ပြောပြပါမယ်။ ဆီးကျိတ် ဆိုတာ အမျိုးသားတွေမှာပဲရှိတာပါ။ ဆီးအိမ်အောက်မှာရှိပြီး ဆီးပြွန်ကို ပတ်ထားပါတယ်။ သစ်ချ သီးပုံစံ ရှိပါတယ်။ သုတ်ရည်ကိုထုတ်ပေးပါတယ်။ အမေရိကန်မှာရှိတဲ့စစ်တမ်းတွေအရ ဆီးကျိတ်ကင်ဆာ ဟာ အမျိုးသားတွေမှာ ဒုတိယအဖြစ်အများဆုံးကင်ဆာပါ။ အသက်၆၀ကျော်အမျိုးသားတွေမှာ ၁၄ယောက် ၁ယောက်ဒါကြောင့် သတိထားရပါမယ်။ ဘာလက္ခဏာတွေခံစားရမလဲ။ ကြိုသိနိုင်မလား။ ကုလို့ရမလားစတဲ့အချက်တွေကို သိထားရပါမယ်။
ဘာလက္ခဏာတွေခံစားရမှာလဲ။

ဆီးကျိတ်ကင်ဆာက ကနဦးအဆင့်ဆိုရင် ဘာလက္ခဏာမှမပြတတ်ပါဘူး။ နည်းနည်းရင့်လာမှသာ လက္ခဏာပြတတ်ပါတယ်။ ပြတဲ့လက္ခဏာကလည်း ရိုးရိုးသာမန်ဆီးကျိတ်ကြီးတာနဲ့တူပါတယ်။ ဒါကြောင့် ဒီလက္ခဏာတွေခံစားနေရရင် ဆရာဝန်နဲ့ပြဖို့လိုပါတယ်။

  •     ဆီးသွားရခက်တာ
  •     ဆီးကျန်ပြီး ခဏခဏသွားချင်တာ
  •     ဆီးထဲမှာသွေးပါတာ
  •     ဆီးသွားအားပျော့တာ
  •     သုတ်ရည်ထဲမှာသွေးပါတာ
  •     ဆီးအိမ်နေရာမှာ နေလို့မကောင်းတာ
  •     ခါးအောက်ပိုင်း၊ တင်ပါးနဲ့ ပေါင်တွေနာတာ
  •     အရိုးနာတာ
  •     လိင်တံမထောင်မတ်နိုင်တာ
  •     သုတ်လွှတ်ရင်နာတာ
  •     အစားအသောက်ပျက်တာ၊ ကိုယ်အလေးချိန်ကျတာ စတဲ့လက္ခဏာတွေကို သတိထားပါ။

ဘာလို့ဖြစ်ရတာလဲ။

ဆီးကျိတ်ကင်ဆာဖြစ်ရတဲ့အကြောင်းအရင်းကို သေသေချာချာမသိရသေးပါဘူး။ မျိုးရိုးဗီဇ၊ ပတ်ဝန်းကျင်က အဆိပ်အတောက်တွေ၊ ဓာတုပစ္စည်းတွေ၊ ဓာတ်ရောင်ခြည်တွေကြောင့်ဖြစ်တယ်လို့ ယူဆထားကြပါတယ်။

ဘယ်သူတွေပိုဖြစ်နိုင်လဲ။

    အသက် : အသက်ကြီးလာလေလေ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေ ပိုများလေလေပါ။ အသက်၄၀အောက်တွေမှာ တွေ့ရခဲပေမယ့် အသက်၅၅ကျော်လာရင် ဖြစ်နိုင်ချေတွေများလာပါပြီ။
    လူမျိုး : ဘာကြောင့်လဲတော့ မသိပေမယ့် လူမည်းတွေက တခြားသူတွေထက်စာရင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေပိုများပြီး ဖြစ်ရင်လည်း ပိုဆိုးပါတယ်။
    မျိုးရိုး : အမျိုးထဲမှာ ဆီးကျိတ်ကင်ဆာဖြစ်ဖူးတဲ့သူရှိရင် ကိုယ့်မှာလည်း ဖြစ်နိုင်ချေမြင့်ပါတယ်။ ရင်သားကင်ဆာဖြစ်ဖူးတဲ့သူရှိရင်လည်း ဖြစ်နိုင်ပါသေးတယ်။
    အဝလွန်ခြင်း : အဝလွန်တဲ့အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာဖြစ်ရင် ပိုဆိုးပြီး ကုရခက်ပါတယ်။
    ဆေးလိပ်သောက်ခြင်း : ဆေးလိပ်အလွန်အကျွံသောက်သူတွေက ဆီးကျိတ်ကင်ဆာဖြစ်နိုင်ချေ ၂ဆရှိပါတယ်။ ဆေးလိပ်ဖြတ်တာ ၁၀နှစ်လောက်ကြာရင်တော့ ဖြစ်နိုင်ချေက ဆေးလိပ်မသောက်သူနဲ့ အတူတူပဲဖြစ်သွားပါတယ်။

နောက်ဆက်တွဲဘာတွေဖြစ်နိုင်လဲ။

ဆီးကျိတ်ကင်ဆာကို ဒီတိုင်းထားမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့

  •     ဆီးမထိန်းနိုင်တာဖြစ်ပါမယ်။
  •     လိင်တံမထောင်မတ်နိုင်တာဖြစ်ပါမယ်။
  •     ကင်ဆာဆဲလ်တွေပျံ့နှံ့နိုင်ပါတယ်။ အနီးအနားက ဆီးအိမ်ကိုပျံ့မယ်။ သွေး၊ ပြန်ရည်ကနေတဆင့် တခြားအစိတ်အပိုင်းတွေကိုပျံ့သွားနိုင်ပါမယ်။ ဥပမာပြောရရင် အရိုးကိုပျံ့သွားရင် အရိုးနာတာ၊ အရိုးကျိုးတာတွေ ဖြစ်နိုင်ပါတယ်။ ဆီးကျိတ်ကင်ဆာက တခြားနေရာကိုပျံ့သွားပြီဆိုရင် ရောဂါကို ထိန်းလို့ပဲရပါတော့မယ်။ ပျောက်အောင်ကုဖို့ ခက်သွားပါမယ်။

ကာကွယ်နည်းများ

ဆီးကျိတ်ကင်ဆာကို ကာကွယ်လို့ရတဲ့နည်းတွေရှိပါတယ်။ ဒါပေမယ့် ဒီနည်းတွေက ဆီးကျိတ်ကင်ဆာကို ကာကွယ်နိုင်တယ်ဆိုပေမယ့် လုံးဝမဖြစ်တော့တာမဟုတ်ပါဘူး။ ဖြစ်နိုင်ချေနည်းသွားတာပါ။ နည်းလမ်းတွေကတော့

    အသီးအရွက်တွေ၊ အသီးအနှံတွေ ပိုစားပါ။ အဆီတွေ၊ အချိုတွေ လျှော့စားပါ။
    ဖြည့်စွက်အာဟာရတွေက ဆီးကြိတ်ကင်ဆာကို ကာကွယ်နိုင်တယ်လို့ သက်သေမပြနိုင်သေးပါဘူး။ ဒါကြောင့် ဒါတွေသောက်မယ့်အစား အာဟာရရှိတဲ့အစားအစာတွေကိုပဲ စားပေးပါ။
    လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်တာက ကိုယ်အလေးချိန်ကိုကျစေတဲ့အပြင် စိတ်ကိုလည်း ကြည်စေပါတယ်။ ဒါ့ပြင် လေ့ကျင့်ခန်းမလုပ်တဲ့သူတွေမှာ PSAလို့ခေါ်တဲ့ ဆီးကြိတ်ကင်ဆာမှာတွေ့ရတဲ့ ဓာတ်တစ်မျိုးများနေတတ်ပါတယ်တဲ့။
    ကိုယ်အလေးချိန်လျှော့ပါ။ လေ့ကျင့်ခန်းလုပ်ပြီး သင့်တင့်မျှတစွာစားတာက ကိုယ်အလေးချိန်ကိုကျစေပါတယ်။
    ဆီးကျိတ်ကင်ဆာစစ်ဆေးပါ။ ကျန်းမာပြီး ဆီးကျိတ်ကြီးတဲ့ လက္ခဏာမရှိတဲ့အမျိုးသားတွေမှာ ဆီးကျိတ်စစ်သင့် မစစ်သင့်ကတော့ အငြင်းပွားနေတုန်းပါပဲ။ တချို့ကျတော့လည်း အသက်၅၀လောက်ကစပြီး ဆီးကျိတ်စစ်ဆေးဖို့ အကြံပြုကြပါတယ်။ အသက်ကလည်း၅၅နှစ် မျိုးရိုးလည်းရှိတယ်ဆိုရင်တော့ ပုံမှန်စစ်ဆေးသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly