မြန်မာ့ စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းကြောင်း ထောက်ခံပေးနိုင်မယ့် ဂျပန်နိုင်ငံ အသိအမှတ်ပြု HACCPစနစ် စတင်မိတ်ဆက်

မြန်မာ့ စားသောက်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းကြောင်း ထောက်ခံပေးနိုင်မယ့် ဂျပန်နိုင်ငံ အသိအမှတ်ပြု HACCPစနစ် စတင်မိတ်ဆက်

ရန်ကုန်၊ ဇန်နဝါရီ ၂၈။               ။  နိုင်ငံတကာတွင် လိုက်နာကျင့်သုံးလျှက်ရှိသည့် စားသောက်ကုန်ဘေးကင်းလုံခြုံမှုရှိစေမည့် စီမံခန့်ခွဲမှုစနစ် (HACCP)အကြောင်းကို ဂျပန်ပြည်ပကုန်သွယ်မှုအဖွဲ့က ဦး စီးပြီး ဂျပန်နိုင်ငံမှ စားသောက်ကုန် စီစစ်ရေးပညာရှင်များက ဇန်နဝါရီလ ၂၇ရက်နေ့တွင် ဆူးလေ ရှန်ဂရီလာဟိုတယ်၌ လုပ်ငန်းရှင်များကို မိတ်ဆက်ခဲ့သည်။

အစာအဆိပ်သင့်မှုကြောင့် ကျန်းမာရေး မထိခိုက်စေရန်နှင့်စားသောက်ကုန်တွေဘေးကင်းလုံခြုံစေရန် HACCP (Hazard Analysis and Critical Control Point) စနစ်ကို ဂျပန်နိုင်ငံမှ အကောင်အထည်ဖော်ခဲ့ပြီး HACCP  အသိအမှတ်ပြု စားသောက်ကုန်လုပ်ငန်းများအနေဖြင့် ဂျပန်နိုင်ငံသာမက အခြားပြည်ပနိုင်ငံများကိုပါ ကုန်ပစ္စည်းနှင့် ဒေသထွက် စားသောက်ကုန်များကို တရားဝင်တင်ပို့ရောင်းချနိုင်မည် ဖြစ်သည်။

အဆိုပါစနစ်မှ တဆင့် မိမိရဲ့ ထုတ်ကုန်ပစ္စည်းများကို ISO အသိအမှတ်ပြု ISO 9001 နှင့် ISO 14001 ရရှိနိုင်ဖို့ကိုလည်း  လွယ်ကူစွာ လုပ်ဆောင်နိုင်မည်ဟု ဂျပန်ပည်ပကုန်သွယ်မှုအဖွဲ့အစည်း၏ ဒုတိယ မန်းနေးဂျင်း ဒါရိုက်တာ ကိုခွန်သူရိန်က ပြောသည်။

“အဆင့်မြှင့်တင်ထားတဲ့ စားသောက်ကုန်တွေကို ကျွန်တော်တို့ နိုင်ငံကနေ ဂျပန်ကို တင်ပို့မယ်ဆိုရင် ပထမအချက်က နိုင်ငံခြားဝင်ငွေ တိုးမြင့်လာမယ်၊ နောက်တချက်ကတော့ အလုပ်သမားတွေအတွက အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိမယ် ကုန်ကြမ်းပို့ရင်လည်း စိုက်ပျိုးရေးကဏ္ဍအတွက် အခွင့်အရေးရမယ် ဒါကြောင့် ဂျပန်ဈေးကွက်ကို မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေ ထိုးဖောက်စေချင်တာပါ”ဟု ၄င်းက ဆိုသည်။

လက်ရှိ ဈေးကွက်တွင် ရှိနေသည့် စားသောက်ကုန်များမှာ သန့်ရှင်းမှု၊ ထုတ်ပိုးမှုအားနည်းနေသေးသည့် အခြေအနေအရ ဂျပန်နိုင်ငံသို့ ကုန်ချောတင်ပို့မှု နည်းပါးနေပြီး ကုန်ကြမ်းပစ္စည်းများကိုသာ အဓိကထားကာ တင်ပို့နေသည်ဟု သိရသည်။  

နိုင်ငံတကာသို့ ကုန်ပစ္စည်းတင်ပို့ရောင်းချနေသည့် REPASSA Co. Ltdမှ မန်းနေဂျင်း ဒါရိုက်တာ ဒေါက်တာ ဇာနည်မောင်မောင်က “ဂျပန်တွေကတော့ Food Safety လုပ်တဲ့အခါ စည်းမျဉ်းတွေ တိတိကျကျ ချမှတ်တယ် မလိုက်နာရင်လည်း ထိထိရောက်ရောက် အရေးယူတယ် မြန်မာနိုင်ငံမှာကျ စည်းမျဉ်း စည်းကမ်းပိုင်းမှာ အများကြီး အားနည်းတယ်၊ လုပ်လို့ရတယ်ဆိုပြီး အရေးယူမှုမရှိဘူးဆိုပြီး လုပ်နေကြတာပဲ”ဟု ပြောသည်။

မြန်မာနိုင်ငံက  စားသောက်ကုန်လုပ်ငန်းများအနေဖြင့် HACCP စံချိန်စံညွှန်းမှီနိုင်ရန် သတ်မှတ်ထားသော ဘေးကင်းလုံခြုံစွာ ထုတ်လုပ်နိုင်မည့် စည်းမျဉ်း ၇ခု၊ အဆင့် ၁၂ခုကို လိုက်နာဆောင်ရွက်ရမည် ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required