မူဆယ်ဆေးရုံရှိ လူနာနှစ်ဦးမှာ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရခြင်းမဟုတ်ဟုဆို

မူဆယ်ဆေးရုံရှိ လူနာနှစ်ဦးမှာ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရခြင်းမဟုတ်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ။                    ။ မူဆယ်ဆေးရုံတွင် တက်ရောက်ကုသမှုခံယူနေသည့် လူနာနှစ်ဦးမှာ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရသူများမဟုတ်ကြောင်း မူဆယ်ပြည်သူ့ ဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးဇော်က မဇ္ဈိမသို့ ပြောသည်။

တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ် မန်ဝင်းနှင့် ဆင်ဖြူ လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်တို့တွင် ကိုယ်အပူချိန် မြင့်တက်နေသူ နှစ်ဦးကို ဇန်နဝါရီ ၂၇ ရက်နေ့က စစ်ဆေးတွေ့ရှိတာကြောင့် စောင့်ကြည့်စစ်ဆေးခဲ့ခြင်း လည်းဖြစ်သည်။

“ သံသယလူနာမဟုတ်ပါဘူး။ ရိုးရိုးတုပ်ကွေးဆန်တဲ့ အဖျားရှိတဲ့ လူနာနှစ်ယောက်ပါ။ တစ်ယောက်ကတော့ အတွင်းလူနာအဖြစ်ထားပြီး တစ်ယောက်ကတော့ အပြင်လူနာအနေနဲ့ထားတာ။ အတွင်းလူနာလည်းကောင်း ဘပါတယ် ဒီနေ့အဖျားမရှိဘူး” ဟု ဒေါက်တာမျိုးဇော်က ပြောသည်။

Read: ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု နောက်ဆုံးရသတင်းများကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

ခေါ်ယူစစ်ဆေးခဲ့ရသူနှစ်ဦးဟာ မွန်ပြည်နယ် ပေါင်မြို့နယ်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်မြို့နယ် တွင်နေထိုင်သည့် အမျိုးသားတစ်ဦးတို့လည်းဖြစ်သည်။

အဆိုပါ နှစ်ဦးထဲမှ ရန်ကုန်တွင်နေထိုင်သည့် အမျိုးသားမှာ အဖျားသက်သာပျောက်ကင်းပြီဖြစ်၍ ဇန်နဝါရီ ၂၈ ရက်တွင် နေရပ်ပြန်မည်ဖြစ်ကြောင်းလည်း မူဆယ်ပြည်သူ့ဆေးရုံမှသိရသည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ “ ရာသီတုပ်ကွေးလက္ခဏာပါပဲ ဝူဟန်နဲ့ဘာမှမဆိုင်ပါဘူး” ဟု ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးဇော်က ဆက်လက် ပြောကြားသည်။

မြန်မာ- တရုတ် နယ်စပ်ရှိ မူဆယ်ခရိုင်ဘက်တွင်လည်း ရောဂါကူးစက်ခံရမှု မရှိစေရေး အာဏာပိုင်များနှင့် အရပ်ဘက်အဖွဲ့စည်းများ ပူးပေါင်း ဆောင်ရွက်နေကြောင်း မူဆယ်ခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးဥက္ကာက ပြောသည်။

“ သံသရှိလူနာလည်းမတွေ့သေးပါဘူး။ ဘာမှတော့မရှိသေးပါဘူး။ အာလုံးပုံမှန်ပါပဲ” ဟု၎င်းကဆိုသည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့သို့ လာရောက်လည်ပတ်ရင်း ဝမ်းပျက်ဝမ်းလျှောဖြစ်ကာ အဖျားရောဂါဝင်ပြီး ညောင်ရွှေပြည်သူ့ဆေးရုံ တွင် ကုသမှုခံယူနေသည့် တရုတ်နိုင်ငံသူတစ်ဦးဟာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး  လက္ခဏာမရှိဘူးလို့ ရှမ်းပြည်နယ်တောင်ပိုင်းက ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ အတည်ပြုထားသည်။

အဆိုပါ တရုတ်နိုင်ငံသူမှာဇန်နဝါရီ ၂၆ ရက်နေ့က တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေစဉ် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး ဖျားနာခဲ့သည့် အတွက် ညောင်ရွှေမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရခြင်းဖြစ်သည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ မတွေ့ရှိရသေးဘဲ ရောဂါပိုး ကူးစက်ခံရသူများ ရှိခဲ့ပါကလည်း သီးခြားကုသပေးနိုင်ရေး ဆောင်ရွက်ထားရှိကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောဆိုထားသည်။

တရုတ်နိုင်ငံတွင် ဇန်နဝါရီ ၂၈ ရက်နေ့ မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄၀၀၀ကျော်အထိရှိနေပြီး ၁၀၆ ဦးသေဆုံးခဲ့ကာ လူ ၇၀၀၀ နီးပါးမှာ သံသယလူနာများအဖြစ် စောင့်ကြည့်ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required