တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုများ ရှုပ်ထွေးပြီး အချိန်ကုန်ကာ တုံ့ပြန်မှု နှေးကွေး

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်မှုများ ရှုပ်ထွေးပြီး အချိန်ကုန်ကာ တုံ့ပြန်မှု နှေးကွေး

ဘေဂျင်း၊ ဇန်နဝါရီ ၂၈  ။              ။ တရုတ်နိုင်ငံ ဝူဟန်မြို့မှ  အသက် ၅၃ နှစ်အရွယ်ရှိ Yang Zhongy ဆိုသူအမျိုးသမီးသည် ရက်သတ္တပတ် နှစ်ပတ်ခန့် ဖျားနာနေခဲ့ပြီး ဆရာဝန်များက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသည် မှာ သေချာသလောက်ရှိကြောင်း ၎င်း၏သား Zhang Changchun ကို အသိပေးခဲ့သော်လည်း  ဇန်နဝါရီလ ၂၇ ရက်နေ့အထိ ဆေးစစ်ရန်အတွက် စောင့်ဆိုင်းနေရဆဲဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်  ဇန်နဝါရီ ၂၈ ရက်အထိ လူပေါင်း ၁၀၆ ဦးကို သေဆုံးစေခဲ့ပြီး ၄၅၀၀ ကျော်ခန့် ကူးစက်ခံခဲ့ရကြောင်း အာဏာပိုင်များကထုတ်ပြန်ခဲ့ကာ Yang သည် ဆေးစစ်ခံယူရန် အခက်အခဲတွေ့နေသော ဝူဟန်မြို့သူမြို့သားများအနက် တစ်ယောက်ဖြစ်သည်။ Yang သည် သီးခြားဆေးရုံ လေးရုံရှိ သီးသန့်မဟုတ်သည့်နေရာများတွင် သူမ၏ အဆုတ်ရောဂါကုသရန်အတွက် drip ချိတ်နေရပြီး ဆေးရုံကို အချိန်ပြည့်ဝင်ခွင့်မရပေ။

Zhang ၏ မိခင်တွင် ရောဂါကူးစက်ခံနေရကြောင်း ဝူဟန်ဆေးရုံ သုံးရုံမှ ဆရာဝန်များက မိသားစုအား သိုသိုသိပ်သိပ် အသိပေးခဲ့ပြီးနောက် ထိုဆေးရုံများအနက်မှ ၂ ရုံက ဆေးစစ်ကိရိယာမစုံလင်ကြောင်း၊ ကျန်ဆေးရုံတစ်ရုံမှလည်း Zhang ၏ မိခင်အားနေရာပေးရန် ကုတင်မရှိကြောင်း ပြောခဲ့သည်ဟု ဆိုသည်။

ထိုသို့ပြောကြားခဲ့သည်များအား ရိုက်တာမှ ဆေးရုံများကို ပြန်လည်မေးမြန်းခဲ့ရာ တစ်စုံတစ်ရာ ပြန်လည်တုံ့ပြန်ခြင်း မရှိပေ။

“ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် နေ့တိုင်း ဆေးရုံမှာ သွားတန်းစီတယ်၊ မနက် ၆ နာရီ ၇ နာရီလောက်သွားပြီး တစ်နေကုန်တန်းစီတယ်၊ ဘာမှမထူးဘူး ၊ အခေါက်တိုင်း ဒီလိုပဲ၊ ကုတင်လည်းမရှိဘူး၊ အစိုးရအနေနဲ့ သတိပေးချက်ထုတ်ပြီး လက်ရှိဖြစ်ပျက်နေတဲ့သတင်းတွေကို နားစွင့်စေချင်ပါတယ်၊ ဆရာဝန်တွေကလည်း အရမ်းကို စိတ်ပျက်နေကြပြီ ”ဟု Zhang က ရိုက်တာသတင်းဌာနကို ပြောသည်။

ဝူဟန်တွင် ဇန်နဝါရီ ၁၀ ရက်က အသက် ၆၁ နှစ်အရွယ်ရှိ အမျိုးသားတစ်ယောက် သေဆုံးရာမှ ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ကြောင့်ဟု စတင်အတည်ပြုသတ်မှတ်ခဲ့ကြပြီး တရုတ်သည် အဆိုပါဗိုင်းရပ်စ်ပိုးအကြောင်း အခြားနိုင်ငံများသို့ အသိပေးခဲ့ကြသည်။ ဂျပန်နှင့်ထိုင်းနိုင်ငံတို့သည် သုံးရက်အတွင်း တရုတ်မှပြန်လာသည့် ခရီးသွားများကို ရောဂါပိုးကူးစက်ခံရခြင်း ရှိ/ မရှိ စတင်စမ်းသပ်ခဲ့သည်။

ဟူဘေးရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏အဆိုအရ ဇန်နဝါရီ ၂၀ ရက်အထိ ဝူဟန်ဆေးရုံအချို့တွင် ရောဂါပိုးစစ်သည့်ကိရိယာများ မရောက်ရှိခဲ့ကြောင်း၊ သွေးနမူနာများကို စစ်ဆေးရန် ဘေဂျင်းဓာတ်ခွဲခန်းသို့လှမ်းပို့ရပြီး အဖြေသိရန် သုံးရက်မှငါးရက်အထိကြာကြောင်း သိရသည်။ ထိုအတောအတွင်း ဝူဟန်ဆေးရုံများသည် ဆေးစစ်မှုခံယူနေသည့်လူများကို ၇၃၉ ဦးမှ ၈၂ ဦးအထိ လျှော့ချပစ်ခဲ့ကြောင်း ဝူဟန်ကျန်းမာရေးအာဏာပိုင်များထံမှ ဒေတာအချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်များ၌လည်း ကိုရိုနာဗိုင်းရပ်စ်ပိုးအကြောင်း အပျက်သဘောဖြင့် အွန်လိုင်းတွင် သုံးသပ်ချက် တင်ခဲ့မှုများအား စိစစ်ဖြတ်တောက်ခဲ့ပြီး လူ ၈ ဦးကို သတင်းမှားဖြန့်သူများအဖြစ် စွပ်စွဲခဲ့သည်။

“ဆရာဝန်တွေက နှားခေါင်းစည်းတောင် မတပ်ဘူး၊ ကျွန်မတို့ ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်ရမှန်း မသိခဲ့ဘူး၊ ဘယ်သူကမှ မပြောပြဘူး၊ ကျွန်မအဒေါ်ဆို ဆေးရုံတင်ပြီးလို့ ၅ ရက်အကြာ ဇန်နဝါရီ ၂၀ မှ ဗိုင်းရပ်စ်ပိုးကူးစက်ခံရတယ်လို့ အတည်ပြုတာ၊ အဒေါ့်ဓာတ်ပုံတွေကို Weibo မှာတင်လိုက်တော့ ရဲတွေက ဆေးရုံကို လှမ်းဖုန်းဆက်ပြီး ဓာတ်ပုံကို ပြန်ဖျက်ခိုင်းတယ်” ဟု အသက် ၄၅ နှစ်အရွယ်ရှိ Chen မှ Reuters ကို ပြောပြသည်။

တုံ့ပြန်မှုနှေးကွေးနေခြင်း

တရုတ်နိုင်ငံသည် ပြီးခဲ့သည့် ရက်သတ္တပတ်က စံချိန်တင်အကြီးမားဆုံးရောဂါခြေချုပ်ပုံစံမျိုးဖြင့် ဟူဘေးပြည်နယ်ရှိ ရောဂါပျံ့နှံ့ခဲ့သည့်ဒေသများကို အဝင်အထွက်ပိတ်ဆို့ထားခဲ့ကာ ဗိုင်းရပ်စ်ကူးစက်ခံရသည့်လူနာများကိုကုသရန် ဆေးရုံသစ် ၂ နှစ်ရုံကို ဆောက်လုပ်လျက်ရှိသည်။ ရောဂါဖြစ်ပွားမှုကို ကိုင်တွယ်ဖြေရှင်းရန် သမ္မတ ရှီကျင့်ဖျင်က အထူးကော်မတီတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။

တရုတ်သည် ဗိုင်းရပ်စ်ဗီဇကို အဆောတလျင် လေ့လာဆန်းစစ်ရန် နိုင်ငံတကာကို တိုက်တွန်းနေသော်လည်း ၎င်းတို့ကိုယ်တိုင် စမ်းသပ်မှုနှေးကွေးနေခြင်းက မေးစရာဖြစ်နေသည်။

တရုတ်သည် ရောဂါဖြစ်ပွားမှုကို ကိုင်တွယ်သည့်အဆင့်တွင် အခက်အခဲကြုံနေရကြောင်း၊ ဆေးပညာကျွမ်းကျင်သူ၊ စမ်းသပ်ကိရိယာနှင့် ဆေးဝါး အလုံအလောက်မရှိကြောင်း  Johns Hopkins University ဆေးပညာရှင် Amesh Adalja က ဆိုသည်။

London School of Hygiene & Tropical Medicine ရှိ  ကူးစက်ရောဂါများကို ကိန်းဂဏန်းအချက်အလက်ဖြင့် ဆန်းစစ်သည့်စင်တာမှ ပါမောက္ခ John Edmunds က တရုတ်နိုင်ငံသည် ရောဂါ ကနဦးစဖြစ်ပြီးနောက်ပိုင်း အသေးစိတ်အချက်အလက်များကို မထုတ်ပြန်ခဲ့ကြောင်း၊ ဓာတ်ပုံအထောက်အထားများမှာလည်း မပြည့်စုံကြောင်း၊ မကျွမ်းကျင်ခြင်းလား၊ လျှို့ဝှက်ခြင်းလား၊ ချင့်ချိန်နေခြင်းလား မသိနိုင်သော်လည်း အခြေခံကျသည့် ကူးစက်ရောဂါ ပျံ့ပွားခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ အချက်အလက်များကို ရရှိနိုင်ပါက အလွန်အသုံးဝင်မည် ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

စမ်းသပ်ကိရိယာမလုံလောက်ခြင်းနှင့် အစောပိုင်းတွင် နှုတ်ဆိတ်နေခြင်းတို့ကြောင့်  တရုတ်သည် ၂၀၀၂ ခုနှစ်က လူပေါင်း ၈၀၀ ခန့် သေဆုံးစေခဲ့သည့်  ပြင်းထန်အဆုတ်ရောင်ရောဂါ (SARS) ဖြစ်ပွားခဲ့မှုမှ သင်ခန်းစာယူနေဆဲပင် ဖြစ်ကြောင်း ဝေဖန်မှုများခံနေရသည်။

စောင့်ဆိုင်းနေရခြင်း

ယခုအခါ ဝူဟန်မြို့ရှိ ဆေးရုံကြီး ၇ ခုတွင် ဆေးစစ်မှုရလဒ်ကို နေ့ချင်းသိနိုင်သည့် ဗိုင်းရပ်စ်ပိုးစစ် ကိရိယာများ တပ်ဆင်နေပြီဖြစ်သည်။ သို့သော်လည်း ဆေးရုံ၊ ဒေသ၊ ကျန်းမာရေးအာဏာပိုင်နှင့် ရောဂါထိန်းချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများအပါအဝင် ရှုပ်ထွေးသည့် အစီရင်ခံစနစ်ကြောင့် ဆေးစစ်မှုမလုပ်ကြကြောင်း ဒေသခံ ၄ ဦးက ရိုက်တာသတင်းဌာကိုပြောသည်။

ဝူဟန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာမှ တာဝန်ရှိသူတစ်ဦး၏ အဆိုအရ ရောဂါစမ်းသပ်ရန်အတွက် လူနာများသည် အဖျား သို့မဟုတ် နမိုးနီးယားရောဂါကဲ့သို့သော လက္ခဏာများ ရှိရမည်ဖြစ်ကြောင်းနှင့် လူနာ များပြားသည့်အတွက် ချက်ချင်း ဆေးစစ်ပေးရန် မဖြစ်နိုင်ဟု ဆိုသည်။

ဝူဟန်ကျန်းမာရေးအာဏာပိုင်များသည် စမ်းသပ်ကိရိယာ မလောက်ငှခြင်းကြောင့် ဆေးစစ်မှုကို အကန့်အသတ်နှင့်လုပ်နေရပြီး ဆေးစစ်မှုမလုပ်ခင် ဦးစားပေးလူနာစာရင်းလုပ်နေသည်မှာပင် နာရီများစွာကြာကြောင်း၊ တချို့ရောဂါပြင်းထန်သည့်လူနာများမှာ ကုသ၍မရနိုင်တော့မှန်း ဆရာဝန်များက သိနေသည့်အတွက် ဦးစားပေးစာရင်းမှ ချန်ထားခဲ့ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦးက ပြောသည်။

အသက် ၆၉ နှစ်အရွယ်ရှိ Xu Enen သည် ဇန်နဝါရီ ၈ ရက်ကတည်းက ဖျားနာပြီး အဆုတ်မကျန်းမမာဖြစ်နေသော်လည်း ဝူဟန်ရှိ ဆေးရုံ ခြောက်ရုံက ကုတင်မလွတ်တော့ဟုဆိုကာ ဆေးစစ်ပေးရန် ငြင်းဆန်ခဲ့ကြသည်။ Xu သည် နောက်ပိုင်းတွင် အခြေအနေပိုဆိုးလာပြီး အသက်ရှူရာမှာ အခက်အခဲဖြစ်လာခဲ့သည်။ ထိုအကြောင်းကို သမီးဖြစ်သူက ဆိုရှယ်မီဒီယာ Weibo တွင် တင်လိုက်သည့်အတွက် ကြောင့် ဇန်နဝါရီ ၂၂ ရက်မှ ဝူဟန်ရှိ Hankou ဆေးရုံတွင် ဆေးစစ်ရန် တန်းစီခွင့်ရခဲ့သည်ဟု ဆိုသည်။

“အသက် ၃၃ နှစ်အရွယ် Liu ဆိုသည့်အမျိုးသမီး၏ ဖခင်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြောင့် ဇန်နဝါရီ ၁၄ ရက်ကတည်းက ဆေးရုံတင်ထားရပြီး ဇန်နဝါရီ ၂၇ ရက်အထိ စမ်းသပ်မှုတစ်စုံတစ်ရာမလုပ်ရသေး ဟု ဆိုသည်။ “ဗိုင်းရပ်စ်ကြောင့် ဟုတ် မဟုတ် ဆိုတာပဲ အတည်ပြုစေချင်တာပါ၊ အနည်းဆုံး အတည်ပြုချက်ရသွားရင် ညွှန်ကြားချက်တော့ ရမှာပဲလေ၊ ဘာမှမညွှန်ကြားတော့ မျှော်လင့်ချက်မရှိတော့ပါဘူး” ဟု ၎င်းကဆိုသည်။

အင်္ဂလန် Lancaster University မှ သုတေသနပြုချက်အရ  ဝူဟန်တွင် ရောဂါကူးစက်ခံရသူ၏ ၅ ဒဿမ ၁ ရာခိုင်နှုန်းမျှသာ အတည်ပြုနိုင်သေးကြောင်း၊ နှစ်စကတည်းက ဇန်နဝါရီ ၂၁ ရက်အထိ ရောဂါကူးစက်ခံရသူ ခန့်မှန်းခြေ ၁၁၃၄၁ ဦး ရှိနိုင်သည်ဟု ဆိုသည်။ ဝူဟန်ရှိ လူပေါင်း ၃၀၀၀၀ ကျော်ကိုလည်း ကူးစက်ခံရမှုရှိ မရှိ စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း ကျန်းမာရေးအာဏာပိုင်များက ပြောသည်။

ရေးသူ - Yawen Chen and Cate Cadell

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly