ကိုရိုနာဗိုင်းရပ်စ်ပိုး ဆေးဝါးများ ရှိသော်လည်း မတ်လမကုန်မီ တစ်ကမ္ဘာလုံး ပျံ့နှံ့နိုင်ဟု ဆို

By RT
28 January 2020
ကိုရိုနာဗိုင်းရပ်စ်ပိုး ဆေးဝါးများ ရှိသော်လည်း မတ်လမကုန်မီ တစ်ကမ္ဘာလုံး ပျံ့နှံ့နိုင်ဟု ဆို

ဇန်နဝါရီ ၂၈။                ။ ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ယခု ပျံ့နှံ့ဖြစ်ပွားမှု နှုန်းထားအတိုင်း ဆက်လက်သွားနေမည်ဆိုပါက မတ်လမကုန်မီ တစ်ကမ္ဘာလုံး ပျံ့နှံ့သွားမည်ဟု ရုရှသိပ္ပံအကယ်ဒမီ RAS အကြီးအကဲက ယုံကြည် ပြောဆိုသည်။

“ဒီ ရောဂါပိုးဟာ အတော်လေး အန္တရာယ်ကြီးပါတယ်။ ပျံ့နှံ့ဖြစ်ပွားနှုန်း ဆပွားတိုးမြင့်နေတယ်။ နောက်တစ်လမှာ ဒီ နှုန်းအတိုင်း ပျံ့နှံ့နေမယ်ဆိုရင် တစ်ကမ္ဘာလုံး ပျံ့နှံ့တဲ့အထိ ကြီးထွားလာနိုင်တယ်။”ဟု RAS အကြီးအကဲ အလက်ဆန်ဒါးဆာဂျီးက ဇန်နဝါရီ ၂၇ ရက်၌ သတင်းထောက်များအား ပြောသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO အနေဖြင့် ယင်းရောဂါပိုးနှင့် ပတ်သက်ပြီး ယခုထက်မက ပိုမိုလုပ်ဆောင်သင့်သည်ဟုလည်း ၎င်းက ဆိုသည်။

အကောင်းဖက်က ရှုမြင်လျှင် ယင်းရောဂါပိုး ကူးစက်မှုကို ကုသနိုင်သည့် ဆေးဝါးပေါင်း ၃၀ ခန့် ရှိထားသည်ဟု ရုရှ ဗဟိုကျန်းမာရေး စစ်ဆေးရေးမှူးဟောင်း ဒေါက်တာ ဂျန်နာဒီက ပြောသည်။

“အားလုံး စိုးရိမ်ပူပန်မှု ပြေပျောက်ဖို့ ပြောရမယ်ဆိုရင်တော့ လက်ရှိမှာ ဒီ ရောဂါပိုးကို ကုသနိုင်တဲ့ ဆေးဝါး ၃၀ ခန့် ရှိထားတယ်။ အဲဒီထဲကမှ ဆေးဝါး ၁၂ မျိုးဟာ HIV ကို ကုသရာမှာ သုံးတဲ့ ဆေးဝါးတွေ ဖြစ်တယ်။”ဟု လက်ရှိ၌ ဒူးမား အမျိုးသားလွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဂျန်နာဒီက ပြောခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးသည် လက်ရှိအထိ ရုရှ၌ ဖြစ်ပွားသည်ကို မတွေ့ရသေးသော်လည်း နိုင်ငံ၏ နယ်စပ် တရုတ်ဖက်ခြမ်းတွင် ရောဂါပိုး ကူးစက်မှု သတင်းများ ရရှိထားကြောင်း ရုရှအာဏာပိုင်များက ပြောသည်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားပုံရှိသည့် ဝူဟန်မြို့တော်၏ ပြည်နယ် ဟူဘေးတွင် ကျောင်းသား ၇၅ ဦး အပါအဝင် ရုရှနိုင်ငံသား ၁၄၀ ရှိနေကြောင်း ပေကျင်းရှိ ရုရှသံရုံးက ထုတ်ပြန်ထားသော်လည်း ၎င်းတို့အား ကယ်ထုတ်ရေး အားချင်းအစီအစဉ် ရှိမရှိကိုမူ ပြောဆိုခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly