တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကူးစက်ရောဂါကြောင့် ဖရဲ၊ သခွား မပို့သေးရန် အသိပေး

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကူးစက်ရောဂါကြောင့် ဖရဲ၊ သခွား မပို့သေးရန် အသိပေး

မန္တလေး ၊ ဇန်နဝါရီ ၂၇၊ ၂၀၂၀ ။             ။ ကိုရိုလာ ဗိုင်းရပ်စ်ကြောင့် ကူးစက်ရောဂါ ဖြစ်ပွားနေသည့် တရုတ်နိုင်ငံတွင် လူစည်းကားသော စျေးများ၊ ခရီးသွားလာမှုလမ်းကြောင်းများကို ကန့်သတ် ပိတ်ပင်ထားသဖြင့် အရောင်းအဝယ်မရှိသလောက်ဖြစ်နေ၍ ဖရဲ၊သခွားအပါအဝင် အခြားသောသီးနှံများ အားလုံးတင်ပို့ခြင်းမပြုသေးရန် အသိပေးစာထုတ်ပြန်ထားကြောင်း မူဆယ် ၁၀၅မိုင်၊ ကုန်သွယ်ရေးဇုံ၊ သစ်သီးဝလံကုန်စည်ဒိုင်က သိရသည်။

`` တရုတ်အစိုးရက အရေးပေါ်အခြေအနေဖြစ်တဲ့အတွက် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကို ကန့်သတ် ထားသလို လူစုလူဝေး၊ ပျော်ပွဲရွှင်ပွဲတွေကိုလည်းကန့်သတ်ထားပါတယ်၊ ပြည်တွင်းက တရုတ်တွေ ပြင်ပကို ထွက်ခွာခြင်းမရှိတာကြောင့် အရောင်းအဝယ်မရှိပါဘူး၊ အဲဒီအတွက် မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေမဖြစ်အောင် အခုလို အသိပေးထုတ်ပြန်တာဖြစ်ပါတယ်`` ဟု မူဆယ် ၁၀၅မိုင်၊ ကုန်သွယ်ရေးဇုံ၊ သစ်သီးဝလံကုန်စည်ဒိုင်က အမှုဆောင်အဖွဲ့ဝင် ဦးစိုင်းမြင့် ဗိုလ်ကပြောသည်။

ယခုဖြစ်စဉ်အတွက် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရမှု အခြေအနေမှာ ရောဂါအခြေအနေ ထိန်းချုပ်နိုင်သည့်အချိန်မှသာ လုပ်ဆောင်နိုင်မည် ဖြစ်သောကြောင့် အချိန်စောင့် ဆိုင်းပေးပို့ကြရန်လိုအပ်ကြောင်း၊ ပေးပို့ခြင်းမရှိလျှင် တောင်သူများအနေဖြင့် ဆုံးရှုံးမှုများ ဖြစ်နိုင်ကြောင်းကို မူဆယ် ၁၀၅မိုင်၊ ကုန်သွယ်ရေးဇုံ၊ သစ်သီးဝလံကုန်စည်ဒိုင်နှင့် North East Gate Public Co.,Ltd တို့က အသိ ပေးစာထုတ်ပြန်ထားသည်။

`` တရုတ်ဝယ်လက်တွေကလည်း ဝယ်ပြီးရောင်းစရာနေရာ မရှိဘူး၊ စျေးကွက်ကလည်း အခြေအနေ မကောင်းပါ ဘူး၊ ဒါကြောင့် တောင်သူတွေအနေနဲ့ အသီးမတင်ပို့ပဲ စောင့်ကြည့်ကြဖို့လိုပါတယ်၊ အနည်းဆုံးတစ်ပတ် လောက် ဆွဲထားဖို့လိုမယ်၊ ဒါအပြင် ပြန်လည်ရောင်းချရပြီလို့ ပြောလိုက်တာနဲ့ တင်ပို့တဲ့သူတွေအနေနဲ့ အားလုံး စုပြုံတင်ပို့ကြဖို့လိုပါတယ်၊``ဟု ခွာညိုသစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းမင်းသူနိုင်ကပြောသည်။

တရုတ်နှစ်သစ်ကူးကာလပြီးသဖြင့် မူဆယ် အဝင်အထွက်နှင့် ကျင်စန်းကျော့ဂိတ်တို့ကို ဖွင့်လှစ်ပေးထားသော် လည်း အရောင်းအဝယ်မရှိသလောက်အခြေအနေတွင်ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly