ကိုရိုနာဗိုင်းရပ်စ်အရေး စိုးရိမ်ပူပန်မှု မြင့်တက်လာခြင်းနှင့်အတူ တရုတ်စီးပွားရေးတွင် ထိခိုက်ဆုံးရှုံးမှုများ ရှိလာ

ကိုရိုနာဗိုင်းရပ်စ်အရေး စိုးရိမ်ပူပန်မှု မြင့်တက်လာခြင်းနှင့်အတူ တရုတ်စီးပွားရေးတွင် ထိခိုက်ဆုံးရှုံးမှုများ ရှိလာ

ဇန်နဝါရီ ၂၇။          ။ ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာခြင်းနှင့်အတူ ယခုအခါ တရုတ်စျေးကွက်များနှင့် တရုတ် စီးပွားရေးအပေါ်တွင် အနုတ်လက္ခဏာ သက်ရောက်မှု ရှိလာနေပြီဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကနဦး စတင်ဖြစ်ပွားခဲ့သည့် အဆိုပါ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဦးရေသည် ယခုအခါ ၈၀ ဦးအထိ ရှိလာပြီး ရောဂါပိုး ကူးစက်ခံရသူဦးရေသည်လည်း ၃,၀၀၀ နီးပါး မြင့်တက်လာခဲ့ပြီဖြစ်သည်။ ယင်းအပြင် အဆိုပါ ပိုးသည် တရုတ်နိုင်ငံအပြင် အရှေ့အာရှ၊ သြစတြေးလျနှင့် အမေရိကန်အပါအဝင် ပြည်ပနိုင်ငံများဆီပါ ကူးစက်ရောက်ရှိနေပြီ ဖြစ်သည်။

ယခုအခါ ရောဂါပိုး အဓိက ဖြစ်ပွားရာ တရုတ်တွင် စီးပွားရေးအရ ထိခိုက်မှုများက ဖြစ်ပေါ်ထားခဲ့ပြီ ဖြစ်သည်။

လက်ရှိအချိန်တွင် ဗိုင်းရပ်စ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မြင့်တက်လာခြင်းနှင့်အတူ တရုတ် စတော့ ရှယ်ယာတန်ဖိုးများသည်လည်း ကျဆင်းမှုများ ဆက်လက်ဖြစ်ပေါ်နေလျက် ရှိသည်။

တရုတ် နှစ်သစ်ကူး ဆိုင်ရာ ဒေတာကိန်းဂဏန်းများကလည်း ကျဆင်းမှု၏ အတိုင်းအတာကို ပြသလျက် ရှိသည်။

အားလပ်ရက် ပထမဆုံးနေ့မှာတွင် ပြည်တွင်း လေကြောင်းခရီးသွားလုပ်ငန်းတွင် ၄၁ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းထားခဲ့ပြီး မီးရထားခရီးသွားမှုတွင် ၄၅ ဒသမ ၅ ရာခိုင်နှုန်း၊ ကုန်းလမ်း ခရီးသွားလာမှုတွင် ၂၅ ရာခိုင်နှုန်း အသီးသီး ကျဆင်းထားခဲ့သည်။

ယင်း အခြေအနေများက ကျယ်ပြန့်သော စီးပွားရေးဆိုင်ရာ ထိခိုက်သက်ရောက်မှုများကို ဖြစ်ပေါ်စေနိုင်သည်။

တရုတ်တွင် လုပ်ငန်းများ ရှိနေသည့် အမေရိကန် အခြေစိုက် ကုမ္ပဏီများသည်လည်း ယင်းတို့၏ လုပ်ငန်းလုပ်ဆောင်မှုများကို ပြန်လည် လျှော့ချမှုများ လုပ်ဆောင်နေသည်။ ရှန်ဟိုင်းရှိ Disneyland သည်လည်း ယင်း၏ parks များကို ပိတ်ထားခဲ့ပြီဖြစ်ကာ Starbucks သည်လည်း Hubei ပြည်နယ်ရှိ ဆိုင်အားလုံးကို ပိတ်ထားပြီးဖြစ်သည်။

တချိန်တည်းမှာပင် Ford နှင့် GM ကားကုမ္ပဏီတို့သည်လည်း ယင်းတို့၏ ဝန်ထမ်းများကို တရုတ်သို့ ခရီးသွားလာခွင့် ကန့်သတ်တားမြစ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly