ဝူဟန်မြို့ရှိ မြန်မာကျောင်းသား ၆ဝကို ကူမင်းမှတဆင့် မန္တလေးသို့ ပို့ဆောင်မည်

ဝူဟန်မြို့ရှိ မြန်မာကျောင်းသား ၆ဝကို ကူမင်းမှတဆင့် မန္တလေးသို့ ပို့ဆောင်မည်
Photo - AFP

ရန်ကုန်၊ ဇန်နဝါရီ ၂၇ ။                ။ ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားပြီး ရောဂါကူးစက်ခံရသူနှင့် သေဆုံးသူဦးရေ တစ်နေ့တစ်ခြားတိုးလာနေသော ဝူဟန်မြို့၌ ခေတ္တရောက်ရှိနေသော မြန်မာ ကျောင်းသား၊ ကျောင်းသူ အယောက် ၆ဝ ကို တရုတ်နိုင်ငံ ချန်းရှမြို့ကတစ်ဆင့် မန္တလေးမြို့သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်းတရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ မြန်မာနိုင်ငံသံရုံးမှ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် မြန်မာကျောင်းသားများ ဝူဟန်မြို့မှ ချန်းရှမြို့သို့ ဘတ်စ်ကားဖြင့် ထွက်ခွာနိုင်ရန် စီစဉ်လျှက်ရှိပြီး ချန်းရှမြို့မှ တိုက်ရိုက်လေကြောင်းဖြင့် ဖြစ်စေ၊ ကူမင်း Transit ဖြင့်ဖြစ်စေ မြန်မာနိုင်ငံ၊ မန္တလေးမြို့သို့ အမြန်ဆုံးပို့ဆောင်ပေးနိုင်ရန် တရုတ်နိုင်ငံ ဟူပေပြည်နယ် နိုင်ငံခြားရေးရုံး၊ ဟူနန်ပြည်နယ် နိုင်ငံခြားရေးရုံးများနှင့် ဆက်သွယ်ဆောင်ရွက်လျှက်ရှိကြောင်း သံရုံးက ထုတ်ပြန်ထားသည်။

Photo - AFP

လေယာဉ်လက်မှတ်ရရှိနိုင်သည့်အပေါ် မူတည်ပြီး မန္တလေးမြို့သို့ထွက်ခွာရမည်ဖြစ်သောကြောင့် ကျောင်းသားအယောက် ၆ဝ လုံး တစ်ကြိမ်တည်းပို့ဆောင်ရန် မဖြစ်နိုင်ပါက ကျောင်းသားအချို့အနေဖြင့် ချန်းရှမြို့တွင် လေယာဉ်စောင့်ဆိုင်းရဖွယ်ရှိကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ကစတင်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါသစ်စတင်ဖြစ်ပွားရာ ဝူဟန်မြို့မှ ထွက်ခွာမည့် လေယာဉ်၊ ရထားခရီးစဉ်များကို ရပ်ဆိုင်းလိုက်ကြောင်း တရုတ်အစိုးရက သတင်းထုတ်ပြန်ခဲ့ပြီးနောက် မြို့တွင် ကျန်ရှိနေသော မြန်မာကျောင်းသား ၆ဝ က လက်ရှိတွင် ကျောင်းသားအားလုံး ကျန်းမာရေးကောင်းမွန်နေသောကြောင့် လိုအပ်သောကျန်းမာရေးစစ်ဆေးမှုများ ခံယူပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးရန်နှင့် လိုအပ်နေသော ဆေးဝါးစားနပ်ရိက္ခာများကူညီပေးရန် တရုတ်နိုင်ငံရှိ မြန်မာနိုင်ငံသံရုံးကို ဇန်နဝါရီလ ၂၅ ရက်နေ့က စာပေးပို့ခဲ့ခြင်းဖြစ်သည်။

ဝူဟန်မြို့တွင် နိုင်ငံခြားသား ထောင်နှင့်ချီပိတ်မိနေပြီး အမေရိကန်၊ ပြင်သစျ၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့သည် ၎င်းတို့၏နိုင်ငံသားများကို လေယာဉ်ဖြင့် ဘေးကင်းရာသို့ပြောင်းရွှေ့ရန် စီစဉ်လျက်ကြောင်း နိုင်ငံတကာသ တင်းများ တွင် ဖော်ပြထားသည်။

Photo - AFP

တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့နေမှုကြောင့် မြို့အဝင်အထွက်များကိုပိတ်ကာ ရောဂါကူးစက်ခံရသူများကို ရောဂါခြေချုပ်ဖြင့် သီးသန့်ထားရှိနေသည့်ကြားကပင် သေဆုံးသူဦးရေသည် ဇန်နဝါရီ ၂၇ ရက် မနက်အစော  ပိုင်းအထိ အနည်းဆုံး ၈၀ ဦးရှိသွားပြီဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ အခြားပြည်ပနိုင်ငံများတွင်လည်း ရောဂါကူးစက်ခံရမှုများရှိလာသည်။ ထိုင်းနိုင်ငံတွင် ထိုင်းနိုင်ငံသားတစ်ဦးနှင့် တရုတ်နိုင်ငံသား ခုနှစ်ဦးတွင် ရောဂါပိုးတွေ့ရှိထားပြီး တရုတ်နိုင်ငံပြီးလျှင် ဒုတိယအများဆုံးဖြစ်သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ သံသယလူနာမတွေ့ရှိရသေးကြောင်းနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင်  thermal scanner များဖြင့် စစ်ဆေးဆောင်ရွက်မှု၊ မြန်မာတရုတ်နယ်စပ်မြို့များတွင် စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှုနှင့် တုပ်ကွေးအတွက် တစ်နိုင်ငံလုံးလွှမ်းခြုံဆေးရုံများဖြင့် ဆောင်ရွက်နေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး  ဒေါက်တာခင်ခင်ကြီးက ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly