အိန္ဒိယမှာ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ဆန့်ကျင်ပြီး လူ ၇ သန်းကျော် ပါဝင်သော လူတန်းရှည်ကြီး စီတန်းရပ်က ဆန္ဒပြ

အိန္ဒိယမှာ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ဆန့်ကျင်ပြီး လူ ၇ သန်းကျော် ပါဝင်သော လူတန်းရှည်ကြီး စီတန်းရပ်က ဆန္ဒပြ

ဇန်နဝါရီ ၂၇။                ။ အိန္ဒိယနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့် ပြင်ဆင်ချက်အက်ဥပဒေ CAA ကို ကန့်ကွက်သည့် ရှားပါးကြုံခဲသော ဆန္ဒပြမှုတစ်ရပ်အဖြစ် အနောက်တောင်ပိုင်း ကီရာလာပြည်နယ်တွင် လမ်းမတစ်လျှောက် ကီလိုမီတာ ၆၂၀ ရှည်သော လူတန်းရှည်ကြီး စီတန်းရပ်က ဇန်နဝါရီ ၂၆ ရက်က ဆန္ဒပြသခဲ့ကြသည်။

နိုင်ငံ၏ ၇၁ နှစ်မြောက် သမ္မတနိုင်ငံတော်နေ့ ကျင်းပချိန်တွင် ယခု လူတန်းရှည်ကြီး စီတန်းရပ် ဆန္ဒပြကြရာတွင် လူပေါင်း ခုနစ်သန်းကျော်မက ပါဝင်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်အရ ဖော်ပြသည်။

ကီရာလာပြည်နယ်က အာဏာရ လက်ဝဲဒီမိုကရက်တစ်တပ်ဦး LDF ပါတီ ကြီးမှူးကျင်းပသည့် ယခု ဆန္ဒပြသမှုတွင် ဝန်ကြီးချုပ်ဖြစ်သူလည်း ပါဝင်ခဲ့သကဲ့သို့ လက်ထပ်ပြီးခါစ စုံတွဲများပါ ပါဝင်ဆင်နွဲကြခြင်းဖြစ်သည်။

ပြည်နယ်၏ ကာဆာဂေါ့မြို့မှ စတင်ကာ စီတန်းပြီး တောင်ပိုင်း သီရူဗန်နန်သာပူရမ်မြို့အထိ အလွန်ရှည်လျားသော လူတန်းရှည်ကြီး တန်းစီရပ်ကာ CAA ဥပဒေကို ကန့်ကွက်ဆန္ဒပြကြခြင်းဖြစ်သည်။

ယခု ဆန္ဒပြမှုကို လက်ဝဲပါတီက ဦးဆောင်ခြင်းဖြစ်သော်လည်း မွတ်စလင်များကို ခွဲခြားဆက်ဆံသည်ဆိုသည့် ယင်းဥပဒေကို ဆန့်ကျင်ရာတွင် မတူညီသော နိုင်ငံရေးသဘောထားရှိသူများ စုစည်းပါဝင်သည့် ဆန္ဒပြမှုကြီးဖြစ် ကြောင်း မျက်မြင်များက ဆိုသည်။

အိန္ဒိယနိုင်ငံတွင် ဘင်္ဂ‌လားဒေ့ရှ်၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နိုင်ငံတို့မှ ပြည်တွင်းသို့ ဝင်ရောက်လာသူများတွင် မွတ်စလင်များမှအပ နိုင်ငံသားဖြစ်ခွင့်ပြုသည့် ဥပဒေပြင်ဆင်ချက်တစ်ရပ်ကို မကြာသေးမီ လပိုင်းက ပြဋ္ဌာန်း ခဲ့ရာမှ ဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်လျက် ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required