ကလေးယူတော့မယ့် လေဒီ တို့ မဖြစ်မနေကြိုလုပ်သင့်တဲ့အရာတွေ

ကလေးယူတော့မယ့် လေဒီ တို့ မဖြစ်မနေကြိုလုပ်သင့်တဲ့အရာတွေ

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Hello ဆရာဝန်မှာ တချို့တွေ လာမေးလေ့ရှိတယ်။ ကလေး လိုချင်လို့ ဘာဆေးသောက်ရမလဲဆိုတာမျိုး။ တကယ်က အားဆေးသောက်ရုံနဲ့ ကိုယ်ဝန်ရဖို့(အထူးသဖြင့် ကျန်းမာပြည့်စုံတဲ့ ကိုယ်ဝန်ကိုဆောင်ရဖို့) မလုံလောက်ပါဘူး။ မိသားစုဘဝလေးတစ်ခုတည်ဆောက်ဖို့ သားသမီးယူတော့မယ်လို့ စဉ်းစားပြီဆို တခြားရော ဘာတွေ ပြင်ဆင်ဖို့လိုမလဲဆိုတာလည်း လေဒီ တို့ သိထားသင့်ပါတယ်။ ဘာမှမပြင်ဆင်ထားဘဲ ကိုယ့်ဘဝထဲ ကလေး တစ်ယောက်ခေါ်ယူဖို့ဆိုတာ ကမောက်ကမဖြစ်တတ်လွန်းပါတယ်။

သန္ဓေအောင်နိုင်စွမ်းအပြင် ကိုယ့်ကျန်းမာရေးအတွက်ရော၊ သန္ဓေသားကျန်းမာရေး၊ ကိုယ်ဝန်ဖွံ့ဖြိုးမှု၊ မွေးဖွားရလွယ်စေရေး၊ ဘေးအန္တရာယ်ကင်းရေး တို့အတွက်လည်း ကြိုတင်ပြင်ဆင်မှုလိုအပ်ပါတယ်။ မိခင်လောင်းရဲ့ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်နေအောင် နဲ့ ကိုယ်ဝန်ဆောင်ဖို့ အသင့်ဖြစ်အောင် အားဖြည့်ပြင်ဆင်ထားသင့်ပါတယ်။
မေမေတစ်ယောက်ဖြစ်လာဖို့ ဘာတွေပြင်ဆင်ထားရမလဲ သိချင်ရင် ဆက်ပြီးဖတ်ကြည့်နော်…
ရာသီစက်ဝန်းကို မှတ်တမ်းထားပါ

တစ်လနဲ့တစ်လ ရာသီလာရက်တွေကို မှတ်တမ်းတစ်ခုထားထားပါ။ ရာသီစက်ဝန်းကို မှတ်သားထားခြင်းအားဖြင့် ကိုယ့်ရဲ့သားဥကြွေချိန်ကို တွက်ချက်နိုင်တယ်။ အမျိုးသမီးတစ်ယောက်ဟာ သားဥကြွေပြီး ၁၂ နာရီကနေ ၂၄ နာရီအတွင်းမှာပဲ သန္ဓေအောင်နိုင်ပါတယ်။ ဒါပေမယ့် သုက်ပိုးဟာ အမျိုးသမီးရဲ့ခန္ဓာကိုယ်ထဲမှာ ၅ ရက်အထိ ရှင်သန်နိုင်ပါတယ်။
ကိုယ်အလေးချိန်ကို ထိန်းပါ

ကိုယ်အလေးချိန်များလွန်းရင် ကိုယ်ဝန်ရဖို့ ခက်ခဲနိုင်တယ်။ ဒါပေမယ့် ပိန်လွန်းရင်လည်း ကလေးရဖို့ မလွယ်ပါဘူး။ လေ့လာမှုတွေအရ ကိုယ်အလေးချိန်များတဲ့ အမျိုးသမီးတွေက ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့သူတွေထက် ကိုယ်ဝန်ရဖို့ နှစ်ဆပိုကြာနိုင်တယ်လို့ ဆိုပါတယ်။ ပုံမှန်ကိုယ်အလေးချိန်ထက်နည်းတဲ့သူတွေမှာတော့ ကိုယ်ဝန်ရဖို့ လေးဆပိုကြာနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးယူတော့မယ်ဆို ပုံမှန်ရှိသင့်တဲ့ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI) ရောက်အောင်တော့ ထိန်းညှိသင့်ပါတယ်။
အဆိပ်အတောက်တွေ ကင်းအောင်နေပါ

ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေအရက်၊ ဘီယာ၊ ဝိုင် တို့လို အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေနဲ့ ဆေးလိပ်ကို ရှောင်ပါ။ တာရှည်ခံပစ္စည်းတွေ၊ ဓာတုပစ္စည်း(ဆိုးဆေး၊ အနံ့အတု၊ စတာတွေ)တွေ မပါတာကို ရွေးချယ်စားပါ။
ကျန်းမာရေးနဲ့ညီတာကို စားပါ

ကလေးရဖို့ သေချာစေမယ့် သီးခြားဓာတ်စာရယ်လို့ မရှိပေမယ့် ကယ်လ်စီယမ်၊ ပရိုတင်းနဲ့ သံဓာတ်တို့လို အရေးပါတဲ့အာဟာရဓာတ်တွေ လုံလောက်စေမှ အမျိုးသမီးတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ ကိုယ်ဝန်ဆောင်ဖို့ အသင့်ပြင်ဆင်နိုင်မှာပါ။ ဒါ့ကြောင့် အဆီနည်းတဲ့အသား၊ နို့ထွက်ပစ္စည်း၊ ဂျုံပြောင်းနှံနဲ့ ပဲအမျိုးမျိူး၊ အသီးအရွက်တွေ မျှတအောင်စားသင့်ပါတယ်။ အသင့်စားတွေ၊ အပြင်စာတွေ၊ ဆိုးဆေးနဲ့တာရှည်ခံပါတဲ့ စားစရာတွေ နဲ့ အာဟာရမပြည့်တဲ့ အစားအသောက်တွေကို ရှောင်သင့်ပါတယ်။
ဖောလစ်အက်စစ် သောက်ပါ

ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ကိုယ်ဝန်ရလွယ်စေဖို့ ပြင်ဆင်နိုင်အောင် အားဆေးလေးတွေ သောက်လို့ရပါတယ်။ ဖောလစ်အက်စစ်က ကိုယ်ဝန်စရှိကာစ (ကိုယ်မသိသေးတဲ့အချိန်မှာတောင်) ကိုယ်ဝန်ကို ကျန်းမာအားဖြည့်ပေးသလို မွေးရာပါချို့ယွင်းချက်မပါလာစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။
ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့

တက်တက်ကြွကြွ ကိုယ်လက်လှုပ်ရှားမှုရှိတာ ကောင်းပေမယ့် ကိုယ်ဝန်ယူဖို့ စဉ်းစားနေပြီဆိုရင် သိပ်ပြင်းပြင်း မလှုပ်ရှားပါနဲ့။ ပြင်းထန်တဲ့ အားစိုက်လှုပ်ရှားမှုတွေ၊ လေ့ကျင့်ခန်းတွေ မကြာခဏလုပ်ရင် သားဥကြွေခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
ကျန်းမာရေး စစ်ဆေးပါ

ကလေးယူဖို့ အစီအစဉ်ရှိတယ်ဆို ဆရာဝန်ပြပြီး ကျန်းမာရေးစစ်ဆေးမှုခံယူသင့်ပါတယ်။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူပြီး ညွှန်ကြားချက်အတိုင်း လိုက်နာနေထိုင်တာ အကောင်းဆုံးပါ။
ဘတ်ဂျက်ပြင်ဆင်ပါ

ကလေးယူတော့မယ်ဆို ဇနီးမောင်နှံတွေ အချင်းချင်းတိုင်ပင်ပြီး ဘက်ဂျက်ပြင်ဆင်သင့်ပါတယ်။ ကုန်ကျရမှာတွေ များလာမှာမို့ ကြိုတင်ပြင်ဆင်ထားတော့ အရာရာ စနစ်တကျပြီးဆုံးသွားပါလိမ့်မယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly