မဟာဂန္ဓာရုံကျောင်းတိုက်သို့ နိုင်ငံခြားခရီးသွားများမလာရန် မေတ္တာရပ်ခံစာမှာ အတုဟုဆို

မဟာဂန္ဓာရုံကျောင်းတိုက်သို့ နိုင်ငံခြားခရီးသွားများမလာရန် မေတ္တာရပ်ခံစာမှာ အတုဟုဆို

မန္တလေး၊ ဇန်နဝါရီ ၂၆။            ။ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသည့် မန္တလေးမြို့ အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်သို့ နိုင်ငံခြား ခရီးသွားများမလာရောက်ကြရန် မေတ္တာရပ်ခံစာထုတ်ပြန်သည်ဟု ဖော်ပြထားခြင်းမှာ မဟုတ်မှန်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာမှုညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်)လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။

`` ဗိုင်းရပ်စ်ကြောင့် မန္တလေးမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှာ ပြည်ပခရီးသွားတွေ မလာရောက်ဖို့ မေတ္တာရပ်ခံစာထုတ်တယ်ဆိုတာမဟုတ်ပါဘူး၊ မဟုတ်တဲ့အကြောင်းကိုလည်း ကျွန်တော်ရဲ့ လူမှု ကွန်ယက်စာမျက်နှာ  ပေါ်ကနေတဆင့် ရေးသားဖော်ပြထားသလို၊ အသေးစိတ်အချက်အလက်တွေကိုလည်း မကြာမှီထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်``ဟု ၎င်းကပြောသည်။

ယခုကဲ့သို့သတင်းထွက်ပေါ်ခဲ့ခြင်းကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ တင်ပြထားပြီး ဆွေးနွေးမှုများကို ပြု လုပ်သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့သော မဟုတ်မှန်သော သတင်းမျိုးကိုလည်း ဖြန့်ချိခြင်းမပြုရန်အတွက် မေတ္တာရပ်ခံလိုကြောင်းကိုလည်း ဦးစန်းယုကပြောသည်။

တရုတ်နိုင်ငံတွင် ရောဂါပိုးများဖြစ်ပွားနေခြင်းကြောင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးလေဆိပ် တွင် ဝူဟန်မြို့မှာ တိုက်ရိုက်ဆင်းသက်သော လေကြောင်းလိုင်းအား ပိတ်ပင်ထားသကဲ့သို့ သတ်မှတ်အဂချိန် ထက်မြင့်  မားနေသော သူများကို စစ်ဆေးနိုင်သည့် တာမိုစကင်နှစ်ခုဖြင့်လည်း စစ်ဆေးမှုများကိုပြုလုပ်လျက်ရှိ ကြောင်းသိရသည်။

တရုတ်နိုင်ငံတွင် ဝူဟန်ဗိုက်ရပ်စ် ကူးစက်ခံရသူ ၂၀၀၀နီးပါးရှိကာ သေဆုံးသူ ၅၆ဦးထိနေပြီး နိုင်ငံအတွင်း အလျင်အမြန်ကူးစက်ပျံ့နှံ့နေသည့်အတွက် စိုးရိမ်ဖွယ်အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်နေရပြီဟု တရုတ်သမ္မတရှီ ကျင့်ဖျင်ကလည်း ဇန်နဝါရီ ၂၅ရက်နေ့ကထုတ်ဖော် ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly