မြန်မာ- တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ဖြတ်ကျော်ဂိတ်ကို ပိတ်ရန်မရှိသေး

မြန်မာ- တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ဖြတ်ကျော်ဂိတ်ကို ပိတ်ရန်မရှိသေး

ရန်ကုန်၊ ဇန်နဝါရီ ၂၆။            ။ မြန်မာ- တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်ဖြတ်ကျော်ဂိတ်အပါအဝင် ဂိတ်အားလုံးကို လတ်တလောပိတ်ရန်အစီအစဉ်မရှိသေးကြောင်း မူဆယ်ခရိုင်တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်တ ချို့ထံမှသိရသည်။

အာဏာပိုင်တွေက “ ပိတ်ဖို့အစီစဉ်မရှိဘူးလို့ပြောပါတယ်” ဟု မူဆယ်ပြည်နယ်လွှတ်တော်အမတ် စိုင်းကျော်သိန်းက မဇ္ဈိမသို့ ဖြေကြားသည်။

ထို့အပြင် အဓိကဝင်ပေါက်ဖြစ်သည့် နန်းတော်ပေါက်တွင် အပူချိန်တိုင်းကိရိယာကို အမြဲတမ်းတပ်ဆင်ထားပြီး ကျန်းမာရေး ဝန်ထမ်း များမှလည်း စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်နေသည်ဟု မူဆယ်ခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးဉက္ကာကလည်းဆိုသည်။

“ သံသယရှိလူနာ အခုထိမတွေ့သေးပါဘူး” ဟု ဦးဉက္ကာက ဇန်နဝါရီ ၂၆ ရက်နေ့ ညနေပိုင်းတွင်ပြောသည်။

လက်ရှိ တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုနှင့်ဆက်စပ်၍ နန်းတော်ပေါက်ဂိတ်တွင် Mask များကို လိုက်လံဝေပေးနေကြောင်းလည်းသိရသည်။

“ နောက်ဆင်ဖြူပေါက်နဲ့ နောက်တစ်ပေါက်ကျတော့ ကျန်းမာရေးဝန်ထမ်း နှစ်ယောက်ကနေပြီးတော့ ဂန်းစကန်နာပေါ့လေ လာတဲ့ သူတိုင်းကို ထောက်ပြီးတော့ Mask ကိုတပ်ဆင်ဖို့တော့ ဆောင်ရွက်တာရှိပါတယ်” ဟု စိုင်းကျော်သိန်းကပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်ဖြစ်ပွားရာ ဟူဘေးပြည်နယ်မှာ ဇန်နဝါရီ ၂၅ ရက်နေ့အထိ သေဆုံးသူ ၄၁ ယောက်အထိ ရှိလာပြီဟု တရုတ်အာဏာပိုင်ဘက်မှထုတ်ပြန်ထားသည်။

မြန်မာ- တရုတ်နယ်စပ်ရှိ မူဆယ်ခရိုင်သည် တရုတ်နိုင်ငံဘက်မှ ယူနန်ပြည်နယ်နှင့် ထိစပ်နေသည့်ဒေသဖြစ်ကာ မြန်မာနိုင်ငံတွင် အဆိုပါဗိုင်းရပ်စ် ကူးစက်သူမရှိသေးကြောင်း မြန်မာအာဏာပိုင်ဘက်မှလည်း ကြေငြာထား သည်။

ဗိုင်းရပ်စ်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရန် လူဦးရေ ၁၁သန်းရှှိသည့် ဝူဟန်မြို့အဝင်အထွက်ကို တရုတ်အာဏာပိုင် များက ဇန်နဝါရီ ၂၃ မှစ၍ ထိန်းချုပ်ထားသည်။

 ဝူဟန် မြို့မှထွက်ခွာမည့် အများပြည်သူဆိုင်ရာ ပို့ဆောင်ရေးလမ်းကြောင်းအားလုံးကို ပိတ်ပင်ခဲ့ပြီး ထိုအထဲတွင် ဝူဟန်-ရန်ကုန်၊ ဝူဟန်- မန္တလေး လေကြောင်းလိုင်းများလည်းပါဝင်ကြောင်းသိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly