မှောင်ခိုကယ်ရီသမားတွေကြောင့် နန်းဖာလုံဈေးရောင်းအား ထက်ဝက်ခန့်ကျဟုဆို

မှောင်ခိုကယ်ရီသမားတွေကြောင့် နန်းဖာလုံဈေးရောင်းအား ထက်ဝက်ခန့်ကျဟုဆို
ဓာတ်ပုံ - စိုးသူအောင်

ရန်ကုန်၊ ဇန်နဝါရီ ၂၆ ။            ။ တရားမဝင် မှောင်ခိုကယ်ရီသမားများကြောင့် မြန်မာ-အိန္ဒိယနယ်စပ်အနီးရှိ နန်းဖာလုံဈေးတွင် ရောင်းအား ထက်ဝက်ခန့် ကျလာနေသည်ဟု ဈေးသူဈေးသားတချို့က ပြောသည်။

“အဲ့ဒီ့ကိစ္စနဲ့က ၅၀ ရာခိုင်နှုန်းလောက်ကို ကျသွားတယ်ဗျ” ဟု နန်းဖာလုံဈေးတွင် အထည်ရောင်းသည့် တမူးဒေသခံ တီလျူလျန်း ကပြောသည်။

နန်းဖာလုံဈေးသည်  အိန္ဒိယနိုင်ငံ မိုးရေးမြို့နှင့်ထိစပ်လျက်ရှိကာ တမူးမြို့၏ အဓိကစီပွားရေးအဖြစ် အားထားရသော နယ်စပ်ဈေးကြီး တစ်ခုလည်းဖြစ်သည်။

အိန္ဒိယကုန်သည်များသည် နှစ်စဉ် ပွဲတော်ရက်များရောက်တိုင်း နန်းဖာလုံဈေးတွင် လိုအပ်သောပစ္စည်များကို လာရောက်ဝယ် ယူလေ့ ရှိသည်။

“ ရောင်းအားကျတယ်ဆိုတာက လွန်ခဲ့တဲ့ ၃ နှစ်လောက်ကထိ ကောင်းတယ်ဗျ။ ဒီ ၂ နှစ်အတွင်းမှာ ဘုန်း ဘုန်း ဘုန်း ဆိုပြီးကျသွားတာ ” ဟု အမျိုးသမီးအဝတ်အထည် ရောင်းသည့် ကိုကျော်သူကပြောသည်။

၂၀၁၆ ခုနှစ်ခန့်မှစတင်ကာ အိန္ဒိယကုန်သည်များသည် မြန်မာဘက်မှ မှောင်ခိုကယ်ရီသမားများဖြင့်ပေါင်းကာ တရုတ်- မြန်မာ- အိန္ဒိယ သုံးနိုင်ငံကိုဖြတ်ကာ ကုန်ပစ္စည်းများကို တရားမဝင် တင်သွင်းလာခဲ့ခြင်းဟုလည်း သိရသည်။

ထို့ကြောင့် အဆိုပါ ၂၀၁၆ ခုနှစ်မှာပင် နန်းဖာလုံဈေးသူ၊ ဈေးသားများမှနေ၍ မှောင်ခိုကယ်ရီတွေကို ထိန်းချုပ်ပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့သေးသည်။

ထို့ကြောင့် နန်းဖာလုံဈေးရှိ ဈေးခေါင်းရုံဟုခေါ်သော ဈေးတာဝန်ရှိသူများထံသို့သွားရောက်မေးမြန်းရာ ၎င်းတို့အနေဖြင့်လည်း အဆိုပါ ကယ်ရီကိစ္စကိုသိရှိသော်လည်း ကိုင်တွယ်ရန်ခက်ခဲသည့် အနေအထားမျိုးဖြစ်ပေါ်နေကြောင်းဆိုသည်။

“သူတို့လည်း တက်နိုင်သလောက် လုပ်တော့လုပ်ပေးပါတယ်။ ဒါပေမယ့် အဆင်မပြေဘူးပေါ့လေနော်” ဟု ဈေးသူတစ်ယောက်ဖြစ်သူ ဒေါ်စံပယ်ကပြောသည်။

နန်းဖာလုံဈေးမှာ ၁လ ပိုင်းမှ ၆ လပိုင်းအထိ အရောင်းအဝယ်အေးလေ့ရှိပြီး  ၇ လပိုင်းမှ ၁၀ လပိုင်းအထိမှာ အရောင်းအဝယ် ကောင်းလေ့ရှိကြောင်းသိရသည်။

ထို့အပြင် ဈေးဧရိယာမှာ ၃ ဧကခန့် ကျယ်ဝန်းပြီး ဆိုင်ခန်းပေါင်း ၁၂၀၀ ကျော်၊ ဈေးရုံပေါင်း ၂၈ ရုံဖြင့် ဖွဲ့စည်းထားကြောင်းလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly