တရုတ်တွင် ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂,၀၀၀ နီးပါး ရှိလာပြီး သေဆုံးသူ ၅၆ ဦးအထိ မြင့်တက်

တရုတ်တွင် ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသူ ၂,၀၀၀ နီးပါး ရှိလာပြီး သေဆုံးသူ ၅၆ ဦးအထိ မြင့်တက်

ဇန်နဝါရီ ၂၆။           ။ တရုတ်နိုင်ငံတွင် ပျံ့နှံ့ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူဦးရေသည် ယခုအခါ ၅၆ ဦးအထိ ရှိသွားပြီ ဖြစ်ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၂၆ ရက်တွင် ပြောသည်။

အလားတူ အဆိုပါ ရောဂါပိုး ကူးစက်ခံရသူ အရေအတွက်ကလည်း ၂,၀၀၀ နီးပါးအထိ ရှိနေပြီဟု သိရသည်။

ယခု ထွက်ပေါ်လာသည့် ကိန်းဂဏန်းသစ်များကို တရုတ် အမျိုးသား ကျန်းမာရေး ကော်မရှင်က အတည်ပြုသွားခဲ့သည်။

လက်ရှိအချိန်တွင် အဆိုပါ ဗိုင်းရပ်စ်ပိုးသည် နိုင်ငံတွင် အလျင်အမြန် ပျံ့နှံ့ကူးစက်နေသည့်အတွက် စိုးရိမ်ဖွယ် အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်နေရပြီဟု တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ဖော်သတိပေးသွားခဲ့သည်။

ယခုအခါ အာဏာပိုင်များဘက်က အဆိုပါ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းအားထုတ်နေလျက် ရှိစဉ် တရုတ်နှစ်သစ်ကူးကာလ ပွဲတော်အခမ်းအနားများကိုလည်း ဖျက်သိမ်းထားရသည်။

ရောဂါပိုး ထိန်းချုပ်နိုင်ရေးအတွက် အဓိက ဖြစ်ပွားရာ ဝူဟန်မြို့အပါအဝင် အခြားမြို့အတော်များများကို ပိတ်ဆို့ထားလျက် ရှိသည်။

ယင်းအပြင် အဆိုပါ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် နိုင်ငံရှိ အထင်ကရ ခရီးသွားနေရာတစ်ချို့ကိုလည်း ပိတ်ပင်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required