ဗိုင်းရပ်စ်ပျံ့နှံ့မှုနှုန်း မြန်ဆန်လွန်းနေပြီး နိုင်ငံတွင် စိုးရိမ်ဖွယ်အခြေအနေနှင့် ရင်ဆိုင်နေရပြီဟု တရုတ်သမ္မတ သတိပေး

ဗိုင်းရပ်စ်ပျံ့နှံ့မှုနှုန်း မြန်ဆန်လွန်းနေပြီး နိုင်ငံတွင် စိုးရိမ်ဖွယ်အခြေအနေနှင့် ရင်ဆိုင်နေရပြီဟု တရုတ်သမ္မတ သတိပေး

ဇန်နဝါရီ ၂၆။            ။ လက်ရှိ ဖြစ်ပွားနေသော ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုနှုန်းသည် အရှိန်မြန်ဆန်လွန်းနေသည့်အတွက် တရုတ်နိုင်ငံအနေဖြင့် အရေးကြီးသည့် စိုးရိမ်ဖွယ် အခြေအနေတစ်ခုနှင့် ရင်ဆိုင်နေရပြီဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က သတိပေးသွားခဲ့သည်။

SARS ရောဂါပိုးနှင့် အလားသဏ္ဍာန်တူသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်တစ်မျိုး တရုတ်နိုင်ငံတစ်ဝန်း ကူးစက်ဖြစ်ပွားလျက် ရှိရာ လက်ရှိအချိန်အထိ လူပေါင်း ၁,၃၀၀ နီးပါး ကူးစက်ခံထားရကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။

“ခုချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်က မြန်မြန်ဆန်ဆန် ပျံ့နှံ့နေပါတယ်၊ ခုချိန်မှာ စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ၊ ဒါကြောင့် ဒီအခြေအနေကို ကိုင်တွယ်ဖို့ ပါတီ ဗဟိုကော်မတီဘက်က ဦးဆောင်မှု ကောင်း ကောင်း ပေးဖို့ လိုအပ်နေပါတယ်” ဟု သမ္မတ  ရှီက ပြောသွားသည်။

လက်ရှိအချိန်တွင်  အဆိုပါ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်ရန် တရုတ်အာဏာပိုင်များဘက်က အပြင်းအထန် အားထုတ်နေချိန် ယင်းကဲ့သို့ သမ္မတ ရှီ၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးသည် နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့တွင် ကနဦး စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ နိုင်ငံတစ်ဝန်း ပြည်နယ်၊ ဒေသပေါင်း ၃၀ ခန့်အထိကို ကူးစက်ပျံ့နှံ့ထားခဲ့ပြီ ဖြစ်သည်။

ယခုအခါ ဝူဟန်မြို့အပါအဝင် အနီးအနား မြို့များကိုလည်း ခရီးသွားလာမှု ပိတ်ပင်ကာ အဝင်အထွက် ပိတ်ဆို့ထားပြီး ကြပ်မတ်ထိန်းချုပ်မှုများ လုပ်ဆောင်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required