မက္ကဆီကို မူးယစ်ဂိုဏ်းများနှိမ်နင်းရန် ကလေးငယ်များ လက်နက်စွဲကိုင်လေ့ကျင့်

မက္ကဆီကို မူးယစ်ဂိုဏ်းများနှိမ်နင်းရန် ကလေးငယ်များ လက်နက်စွဲကိုင်လေ့ကျင့်

ဇန်နဝါရီ ၂၅ ။             ။  မက္ကဆီကိုနိုင်ငံရှိ ဂူရယ်ရိုပြည်နယ်တွင် မူးယစ်ဂိုဏ်းနှင့်လူဆိုးဂိုဏ်းများကို နှိမ်နင်းရန်အတွက် ကလေးငယ်များသည် ပြည်သူ့စစ်များနှင့်အတူ လက်နက်စွဲကိုင်လေ့ကျင့်လျက်ရှိသည်။

အယာဟာတန်ပါ ဟု အမည်ရသည့်ရွာကလေးတွင် အသက် ၅ နှစ်မှ ၁၅ နှစ်ကြားရှိ ကလေးအယောက် ၃၀ သည် ဘတ်စကတ်ဘောကွင်းကို လေ့ကျင့်ရေးကွင်းအဖြစ်အသုံးပြုကာ ရိုင်ဖယ်သေနတ်များ၊ ပစ္စတို၊ လက်လုပ်သေနတ် စသည့်လက်နက်များဖြင့် တစ်ပတ်လျှင် ၂ နာရီကြာ ခန္ဓာကိုယ်အနေအထားအမျိုးမျိုးဖြင့် သေနတ်ပစ်လေ့ကျင့်ကြသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်က ဂူရယ်ရိုတွင် ကလေးတစ်ဦးအပါအဝင် တိုင်းရင်းသားဂီတပညာရှင် ၁၀ ဦးကို မူးယစ်ဂိုဏ်းတစ်ဖွဲ့က ပြန်ပေးဆွဲကာ နှိပ်စက်သတ်ဖြတ်ခဲ့သေးသည်။ မက္ကဆီကိုအာဏာပိုင်များသည် ဒေသခံ Los Ardillos လူဆိုးဂိုဏ်းလက်ချက်မှန်းသိသော်လည်း တစ်စုံတစ်ရာအရေးယူခြင်း မရှိပေ။

“ကျွန်တော်က စာသင်ချင်ပါတယ်၊ ဒါပေမယ့် မူးယစ်ဂိုဏ်းတွေသောင်းကျန်းလို့ ကျောင်းတွေ ပိတ်ထားကတည်းက ရဲတပ်ဖွဲ့ဝင် ပိုဖြစ်ချင်လာတယ်” ဟု သေနတ်ပစ်လေ့ကျင့်နေသည့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးမှပြောသည်။

မိဘများအသတ်ခံလိုက်ရသည့်အတွက် ကလေးအများစုမှာ မိဘမဲ့များဖြစ်ကြပြီး အာဏာပိုင်များ၏လျစ်လျူရှုမှုခံနေရသည့် အဆိုပါဒေသတွင် ကလေးများအပါအဝင် စေတနာ့ဝန်ထမ်း ၆၀၀ ခန့်က ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ပြည်သူ့စစ်များနှင့် ပူးပေါင်းလေ့ကျင့်နေကြခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required