ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေချိန်တွင် တရုတ်နိုင်ငံဝူဟန်မှ မြန်မာပြည်သို့ လေကြောင်းခရီးစဉ် တစ်လနီးပါးရပ်နား

ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားနေချိန်တွင် တရုတ်နိုင်ငံဝူဟန်မှ မြန်မာပြည်သို့ လေကြောင်းခရီးစဉ် တစ်လနီးပါးရပ်နား
Photo - AFP

ဇန်နဝါရီလ ၂၅ ။            ။ တရုတ်နိုင်ငံဝူဟန်မြို့တွင် ဖြစ်ပွားခဲ့သည့် ဝူဟန်ဗိုင်းရပ်စ် (ခ) ကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးသူများမြင့်တက်လာပြီးနောက်တွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ ရန်ကုန်မြိုနှင့် မန္တလေးမြို့ တို့သို့ တိုက်ရိုက်ပျံသန်းနေသည့် China Eastern Airlines မှ ဇန်နဝါရီလ ၂၄ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ယာယီပျံသန်းမှုရပ်နားကြောင်း သတင်းထုတ်ပြန်သည်။

ရန်ကုန်မြို့ရုံးခွဲနှင့် မန္တလေး မြို့တို့တွင်ရုံးခွဲများဖွင့်လှစ်ထားသည့် China Eastern Airlines  ကို ဆက်သွယ် မေးမြန်းရာတွင် တာဝန်ရှိသူများ တရုတ်နှစ်ကူးကြောင့် ခွင့်ယူထားသဖြင့် ယာယီပျံသန်းမှုနှင့်ပတ်သက်ပြီးဖြေကြား၍ မရ ကြောင်းပြောသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေပိုင်းအချိန်က အစိုးရုံးစိုက်ရာ နေပြည်တော် တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ကိုရိုနာ ဗိုင်းရပ်စ် နှင့်ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့ချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောက်ဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက " လေယာဉ်ပေါ်မှာ တရုတ်နိုင်ငံက လာတဲ့ ခရီးသည်တွေဆိုလို့ရှိရင် ဒီကဒ်ကိုဖြည့်ခိုင်းပါမယ်။ ဝူဟန်မှာနေခဲ့သလား။ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာတွေ ခံစားနေရသလားပေါ့နော်။ ဒါတွေကို ဖြည့်ခိုင်းမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်

တရုတ်နိုင်ငံ ဝူဟန်မြို့ မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ဇန်နဝါရီလ ၂၃ ရက်နေ့က  China Eastern Airlines လေကြောင်း ခရီးစဉ်အမှတ် MU-2659 က နောက်ဆုံးဝင်ရောက်ခဲ့ကြောင်းကို china-eastern-airlines ၏ လေကြောင်းပျံသန်းမှုမှတ်တမ်းများအရသိရသည်။

ဇန်နဝါရီလ ၂၅ ရက်နေ့တွင် တရုတ်နိုင်ငံကူးမင်းမြို့မှ ရန်ကုန်မြို့သို့  China Eastern Airlines လေကြောင်း ခရီးစဉ်အမှတ်MU9749 ဖြင့်ထပ်မံဝင်ရောက်လာကြောင်းသိရသည်။  

 ဇန်နဝါရီလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းအချိန်ထိ နောက်ဆုံးသိရသည့် သတင်းများမှ တရုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် (2019-nCoV)  ကြောင့် သေဆုံးသူ ၄၁ ဦးအထိ ရှိသွားပြီဖြစ်ကာ ရောဂါကူးစက်ခံရသူပေါင်း ၁၃၀၀ နီးပါး ရှိကြောင်း ကို တရုတ်နိုင်ငံမှာ အာဏာပိုင်များက ဇန်နဝါရီ ၂၅ တွင် နိုင်ငံခြားသတင်းဌာနများကို ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးစတင်တွေ့ရှိရာ လူဦးရေ ၁၁ သန်းနေထိုင်သည့် ဝူဟန်မြို့၌ တစ်နေ့တည်းမှာပင် နောက်ထပ် ၁၅ ဦးသေဆုံးကြောင်းနှင့် စုစုပေါင်း သေဆုံးသူ ၄၁ ဦးရှိသွားပြီဖြစ်ကြောင်း သိရသည်။ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ  လက်ရှိ စုစုပေါင်း ၁၃၀၀ ဦး ကူးစက်ခံနေရသည်ဟုဆိုသည်။

အဆိုပါဝူဟန် ကော်ရိုနာ အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်ကို တရုတ်နိုင်ငံအပြင် ဂျပန်၊ တောင်ကိုးရီးယား၊ ထိုင်းနိုင်ငံ၊ US ၊ဗီယက်နမ်၊ စင်္ကာပူနိုင်ငံများတွင် ဖြစ်ပွားနေကြောင်း WHO၏ ထုတ်ပြန်ချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required