စတီယာရင် မပါ၊ ဘရိတ်နှင့် ကလပ်များ မပါသည့် မောင်းသူမဲ့ကား GM နှင့် Honda မိတ်ဆက်ပြသ

စတီယာရင် မပါ၊ ဘရိတ်နှင့် ကလပ်များ မပါသည့် မောင်းသူမဲ့ကား GM နှင့် Honda မိတ်ဆက်ပြသ

၎င်းတို့ကြား နှစ်ပေါင်း ၁၆၀ ကျော် အတွေ့အကြုံရှိသည့် ကားကုမ္ပဏီကြီးများဖြစ်သော GM နှင့် Honda ကုမ္ပဏီကြီးနှစ်ရပ်က မောင်းသူမဲ့ကားဖြစ်သည့် Origin ကားကို ထုတ်ဖော်ပြသရင်း မော်တော်ကားများ၏ ခေတ်သစ်ကို မွေးဖွားပေးလိုက်ပါပြီ။

ထိုင်ခုံခြောက်ခုံပါသည့် ယင်း လျှပ်စစ်ကားတွင် စတီယာရင်၊ ဘရိတ်၊ ကလပ်၊ ဝိုက်ပါနှင့် နောက်ကြည့်မှန်များ ပါရှိခြင်း မရှိပါ။ ယင်းကား၏ တံခါးများက ဆွဲဖွင့်တံခါးများ မဟုတ်ဘဲ လျှောတံခါးများ ဖြစ်သည်။ ပုံမှန်ကားများကဲ့သို့ အရှေ့အနောက်ကိုလည်း မမြင်နိုင်မည် မဟုတ်ပေ။

အဆိုပါ ကားလောကကို တစ်ခေတ်ဆန်းမည့် Origin ကားကို ဝယ်ယူစီးနင်းနိုင်ကြမည် မဟုတ်သော်လည်း Honda ကပါ ရင်းနှီးမြုပ်နှံမှုရှိသော GM ၏ မောင်းသူမဲ့ကား ရုံးခွဲဖြစ်သော Cruise ၏ စီးနင်းသူမျှပေး app မှ တစ်ဆင့် မကြာခင်တွင် စီးနင်းကြနိုင်မည်ဖြစ်သည်။

စီးနင်းသူများအနေဖြင့် Uber အသုံးပြုသည်နှင့် အလားတူပဲ ဖြစ်သော အဆိုပါ app တွင် ၎င်းတို့ သွားလိုရာကို ရိုက်သွင်းရမည် ဖြစ်သည်။ ကားရောက်ရှိလာသည့်အခါ code နံပါတ်ကို ရိုက်သွင်းပြီးနောက် ကားထဲ ဝင်ထိုင်လိုက်ပါသွားနိုင်မည်ဖြစ်သည်။ ကားထဲတွင် ခရီးသည်အတွက် စမောင်းရန်နှင့် လိုရာခရီးရောက်၍ ရပ်ရန် ခလုပ်များ ပါရှိသည်။

Origin ကားတွင် အလေးချိန်၊ ထိုင်ခုံခါးပတ် ပတ်မပတ် အပါအဝင် ခရီးသည် အဝင်အထွက်ကိုပါ ထောက်လှမ်းနိုင်သည့် အာရုံခံဆင်ဆာများ ပါရှိသည်။ သမရိုးကျကားများမှ ခွဲထွက်ထားသည့် ဒီဇိုင်းပုံစံကြောင့် ခရီးသည်များအတွက် နေရာ ပိုမိုကျယ်ဝန်းစေသည်ဟု Cruise အမှုဆောင်အရာရှိများက ပြောသည်။

Origin ကားတွင် လျှောတံခါး တပ်ဆင်ထားခြင်းကြောင့် သာမန်ကားများထက် ပိုမိုကျယ်ဝန်းပြီး တစ်ချိန်တည်းတွင် ခရီးသည်နှစ်ဦး ပြိုင်တူဆင်းနိုင်အောင် ကျယ်ဝန်းသွားစေသည်။ ယင်းကားကို မြို့တွင်းလမ်းများနှင့် အဝေးပြေးလမ်းများတွင်ပါ မောင်းနှင်နိုင်ရန် ဒီဇိုင်းဆင်တည်ဆောက်ထားသည်။

GM ၏ အမှုဆောင်အရာရှိများက Origin သည် မော်တော်ကား ခေတ်သစ်ကို ဖွင့်လှစ်လိုက်ခြင်းအဖြစ် အမွှမ်းတင်ကြသည်။ Origin သည် သဘာဝပတ်ဝန်းကျင် အကျိုးအမြတ်များကို ဖော်ဆောင်လာြခင်း၊ မြို့များတွင် ယာဉ်ကြောပိတ်ဆို့မှုများကို လျှော့ချစေခြင်းနှင့် ယာဉ်အန္တရာယ် ကင်းဝေးရေး ပိုမိုကောင်းမွန်လာစေခြင်းများကို ဆောင်ကြဉ်းလာမည်ဟု ပြောဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly