‘ယာဂန်ကလော့ပ်တောင် လီဗာပူးလ်ကို တည်ဆောက်ဖို့ (၄)နှစ် အချိန်ယူခဲ့ရသေးတာပဲ၊ ကျနော့်ကို အချိန်ပေးပါ။’ - ဆိုးလ်ရှား

‘ယာဂန်ကလော့ပ်တောင် လီဗာပူးလ်ကို တည်ဆောက်ဖို့ (၄)နှစ် အချိန်ယူခဲ့ရသေးတာပဲ၊ ကျနော့်ကို အချိန်ပေးပါ။’ - ဆိုးလ်ရှား
Photos: EPA

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက သူဟာ အသင်းကို ပြန်လည် တည်ဆောက်နေတာကြောင့် စိတ်ရှည်သည်းခံပေးဖို့ တောင်းဆိုလိုက်ပြီး ပြိုင်ဘက် လီဗာပူးလ်တို့ဟာ လိုက်နာရမယ့် စံနမူနာတစ်ခုလို့ ယူံကြည်နေပါတယ်။

ယူနိုက်တက်ဟာ လီဗာပူးလ်နဲ့ ဘန်လေအသင်းတို့ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာနဲ့ (၆)မှတ်ကွာဟသွားပြီးနောက်မှာ ဆိုးလ်ရှားဟာ အိုးထရက်ဖို့ဒ်မှာ ဖိအားပေးမှုများစွာ ရင်ဆိုင်နေရပါတယ်။

ယူနိုက်တက်တို့ဟာ အခုဆိုရင် လီဗာပူးလ်နဲ့ (၃၃)မှတ်အထိ ကွာဟနေပြီး ဆိုးလ်ရှားက အသင်းရဲ့ ပုံစံ တိုးတက်စေဖို့ "အမြန်ပြင်ဆင်လို့"မရဘူးလို့ အခိုင်အမာဆိုပါတယ်။

ယူနိုက်တက်ဟာ အပြောင်းအရွှေ့တွေမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံဖို့ ကြိုးစားသင့်၊ မသင့် မေးမြန်းရာမှာ ဆိုးလ်ရှားက "အခု ကျနော်သွားနေတဲ့ လမ်းကြောင်းမှာ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်။

"ဟုတ်ပါတယ်။ တခြားအသင်းတွေ ကောင်းကောင်းကြီး လုပ်ပြနိုင်ခဲ့တာကိုလည်း ခင်ဗျား တွေ့ရမှာပါ။ ယာဂန် (ကလော့ပ်)ဆိုလည်း သူ့ရဲ့အသင်းကို တည်ဆောက်ဖို့ (၄)နှစ် အချိန်ယူခဲ့ရတာပါ။ အခုဆို သူတို့ ကောင်းကောင်း လုပ်ပြနေနိုင်ပြီလေ။ အဲဒါကြောင့် ကျနော့်တို့အနေနဲ့ မြန်မြန်ဆန်ဆန် ပြင်ဆင်လို့မရဘူးဆိုတာ ဒါကို ကျနော် အကြိမ်များစွာ ပြောပါတယ်။

"အပြောင်းအရွှေ့ရာသီတစ်ခုမှာ ကစားသမား (၈)ယောက် သို့မဟုတ် (၁၀)ယောက်လည်း ဝယ်ပြနေဖို့ မလိုပါဘူး။ ကျနော်တို့မှာ နွေရာသီက သင့်တင့်လျှောက်ပတ်တဲ့ အပြောင်းအရွှေ့ရာသီတစ်ခုရှိခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဇန်နဝါရီအပြောင်းအရွှေ့က ခက်ခဲလို့ပါ။ ဒါပေမယ့် ကျနော်တို့ဟာ အခုဆိုရင် တစ်ခုခု လုပ်ပြနိုင်ဖို့ ကြိုးစားနေပါတယ်။"

ယူနိုက်တက်ဟာ ၁၉၈၈-၈၉ ရာသီနောက်ပိုင်း ဆိုးရွားတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေပေမယ့် ကလပ်ရဲ့ ဘုတ်အဖွဲ့ဟာ အိုးထရက်ဖို့ဒ်မှာ ရည်ရှည်အတွက် တည်ဆောက်နေတဲ့ ဆိုးလ်ရှားကို ဖြုတ်ပစ်ဖို့ ရည်ရွယ်ချက် ရှိပုံမရပါဘူး။

"ခင်ဗျားအနေနဲ့ တစ်ခုခုစလုပ်တော့မယ်ဟေ့ဆိုရင် အစီအစဉ် plan စွဲကိုင်ထားဖို့ လိုပါတယ်။"လို့ ဆိုးလ်ရှားက ဆက်ပြောပါတယ်။

"ကျနော်ကတော့ အသင်းကို ရောက်တာ (၉)လ၊ (၁၀)လအတွင်းမှာ အပြောင်းအလဲလုပ်သွားမှာ မဟုတ်ဘဲ အဲဒီလိုလုပ်ဖို့ထက် တခြားမတူညီတဲ့ နည်းလမ်းတစ်ခုအပေါ် ယုံကြည်နေပါတယ်။"

"ကျနော် ယုံကြည်တဲ့ နည်းလမ်းအတိုင်း ကျနော်ဆက်ပြီး ကိုင်စွဲသွားမှာပါ။ လုံလောက်မှုရှိမယ်လို့လည်း မျှော်လင့်နေပါတယ်။ ကျနော်တို့ လုပ်ဆောင်နေတာဟာ မှန်တယ်ဆိုတာ သူတို့ တွေ့မှာပါ။"

"ဒါဟာ ဒီအလုပ်တွေထဲက တစ်ခုပါ။ ဒီနေ့ခေတ် ဘောလုံးလောက ဘယ်လိုနေတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဒါပေမယ့် အသင်းနဲ့ ဆွေးနွေးမှုအားလုံးမှာတော့ အရာရာဟာ အပေါင်းလက္ခဏာဆောင်ပါတယ်။"

Ref; Sky Sports

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly