ထရမ့်နှင့် ရှီကျင့်ဖျင်တို့ကို ဘီလျှံနာသူဌေးကြီး ဂျော့ဆိုးရော့စ်က ရစရာမရှိအောင် ဝေဖန်တိုက်ခိုက်

ထရမ့်နှင့် ရှီကျင့်ဖျင်တို့ကို ဘီလျှံနာသူဌေးကြီး ဂျော့ဆိုးရော့စ်က ရစရာမရှိအောင် ဝေဖန်တိုက်ခိုက်
Photo: EPA

ပရဟိတအလှူရှင် ဘီလျှံနာသူဌေးကြီး ဂျော့ဆိုးရော့စ်က အမေရိကန်နှင့် တရုတ် နှစ်နိုင်ငံစလုံးက ‘အာဏာရှင်ဆန်သော အုပ်ချုပ်သူများ’ကို ရစရာမရှိအောင် ဝေဖန်တိုက်ခိုက်လိုက်သည်။

ထရမ့်သည် ‘လူလိမ်လူကောက် အတ္တဝါဒီတစ်ဦး’ဖြစ်ပြီး အမေရိကန် ဖွဲ့စည်းပုံ၏ ကန့်သတ်ချက်များကို ချိုးဖောက်နေသူဟု ဂျော့ဆိုးရော့စ်က ပြောဆိုသည်။

ထိုပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုလည်း နည်းပညာကို အသုံးချပြီး တရုတ်ပြည် သက်ရှိဘဝများအပေါ် အလုံးစုံ ထိန်းချုပ်ချုပ်ကိုင်ထားနိုင်အောင် ကြိုးပမ်းနေသူဟု ၎င်းက ဆိုသည်။

“သူတို့တွေသာ အာဏာမရလာခဲ့ရင် ကမ္ဘာကြီးက ပိုပြီး ကောင်းမွန်ပါလိမ့်မယ်။”ဟု ဂျော့ဆိုးရော့စ်က ပြောသည်။

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပသော ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်မိန့်ခွန်း၌ ပရဟိတအလှူရှင်ကြီး ဂျော့ဆိုးရော့စ်က အကျိုးမျှော် လူထုကြိုက်ဝါဒနှင့် ရာသီဥတုပြောင်းလဲမှုများ၏ ခြိမ်းခြောက်မှုများက ပိုပြီး ကြီးထွားလာလျက် ရှိသည်ဟု သတိပေးသည်။

လွတ်လပ်ခွင့် ပိတ်ပင် ချုပ်ချယ်ခြင်းများအရေး ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကမ္ဘာလုံးဆိုင်ရာ တက္ကသိုလ်ကွန်ရက်သစ်ဆီ ဦးတည်ဖော်ဆောင်ရေးအတွက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ မတည်လှူဒါန်းမည်ဟုလည်း ၎င်းက ကတိကဝတ်ပြုသည်။

သို့သော်လည်း အမေရိကန် ဒီမိုကရက်ပါတီ၏ အဓိက အလှူရှင်ဖြစ်သော စီးပွားရေးသမား ဂျော့ဆိုးရော့စ်သည် ပေကျင်းနှင့် ဝါရှင်တန်သည် ပွင့်လင်းလူ့အဖွဲ့အစည်းအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေသည်ဟု ပြောသည်။

“ဒီ နှစ်နိုင်ငံစလုံးက ခေါင်းဆောင်နှစ်ဦးစလုံးဟာ သူတို့ရဲ့ အာဏာကို ကန့်သတ်ချက် ဘောင်လွန်အောင် ချဲ့ထွင်နိုင်ရေး ကြိုးစားနေတယ်။”ဟု ဂျော့ဆိုးရော့စ်က ပြောသည်။

“ထရမ့်ဟာ သူ့ ပုဂ္ဂိုလ်ရေး အကျိုးစီးပွားအတွက် အမျိုးသားအကျိုးစီးပွားကို စတေးပစ်ဖို့ စိတ်ရှိနေတယ်။ ပြန်လည်ရွေးကောက်ခံရရေး ဘာမဆို လုပ်မယ့်သူပဲ။ ရှီကျင့်ဖျင်ဟာဆိုရင်လည်း ထရမ့်ရဲ့ ပျော့ကွက်ကို နင်းပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်ဖို့ စိတ်ဇောကပ်နေသူပဲ။ ဉာဏ်ရည်တုနည်းပညာကို အသုံးချပြီး သူ့ ပြည်သူတွေကို အလုံးစုံ ထိန်းချုပ်ဖို့ လုပ်နေတဲ့ သူတစ်ဦးပဲ။”ဟု ဂျော့ဆိုးရော့စ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly