ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်၏ ရောဂါလက္ခဏာများ

ဇန်နဝါရီ ၂၄ ။         ။ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကြောင့် ယခုအချိန်ထိ  လူ ၂၆ ဦးသေဆုံးခဲ့ပြီဖြစ်ကာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ ထုတ်ပြန်ချက်အရ ၎င်းဗိုင်းရပ်စ်ပိုးကူးစက်ခံရပါက  အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာများ၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း စသည့် လက္ခဏာရပ်များကို ခံစားရတတ်ကြောင်း သိရသည်။

ပိုမိုပြင်းထန်လာမည်ဆိုပါက အဆုတ်ရောင်ရောဂါ (နမိုးနီးယား)၊ ပြင်းထန်အဆုတ်ရောင်ရောဂါ  (SARS) ၊ ကျောက်ကပ်အားနည်းခြင်းနှင့် သေဆုံးသည်အထိပင်ဖြစ်နိုင်သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုး၏ ရှင်သန်ပေါက်ပွားချိန်ကို မသိရသေးသော်လည်း  ၁၀ ရက်မှ ၁၄ ရက်အတွင်းဖြစ်နိုင်ကြောင်း တခြားသတင်းရင်းမြစ်များက ဆိုသည်။

WHO ၏ အဆိုအရ ကိုရိုနာဗိုင်းရပ်စ်ပိုးသည် ရိုးရိုးအအေးမိရောဂါမှ SARS (ပြင်းထန်အဆုတ်ရောင်ရောဂါ) နှင့် MERS (အရှေ့အလယ်ပိုင်းပြင်းထန်အဆုတ်ရောင်ရောဂါ) ကဲ့သို့သော ရောဂါများဖြစ်စေသည့် ဗိုင်းရပ်စ်ပိုးနှင့် အလားသဏ္ဍာန်တူကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်အမည်သည် သရဖူ (crown)  ဟု အဓိပ္ပါယ်ရသည့် လက်တင်စကားလုံး Corona မှ ဆင်းသက်လာခြင်းဖြစ်သည်။ အီလက်ထရွန် မိုက်ခရိုစကုပ်အောက်တွင်ကြည့်ပါက ၎င်းဗိုင်းရပ်စ်ပိုး၏ ပုံသည် ရောင်ခြည်ဖြာနေသော သရဖူနှင့် အလားသဏ္ဍာန်ဆင်တူသည်။

အဆိုပါဗိုင်းရပ်စ်ကို တရုတ်အာဏာပိုင်များက ဇန်နဝါရီ ၇ ရက်က ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားအဖြစ် အတည်ပြုသတ်မှတ်ခဲ့ကြပြီး ‌လောလောဆယ်တွင်  လူ၌ တစ်ခါမှမတွေ့ရှိဖူးသော ဗိုင်းရပ်စ်ပိုးသစ် 2019-nCoV ဟု အမည်ပေးထားသည်။ ဗိုင်းရပ်စ်ပိုးအသစ်ဖြစ်သည့်အတွက် ကာကွယ်ဆေးမရှိသေးပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required